
အစ္စရေးက လက်ဘနွန်ကို မြေပြင်ကနေ ကျူးကျော်ဖို့ စဉ်းစားနေသလားလို့ မေးရာမှာ ရွေးချယ်စရာအားလုံး စားပွဲပေါ်မှာ ရှိတယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အက်ဖီ ဒီဖရင်က မတ် ၂ ရက်မှာ ပြောလိုက်ပါတယ်။
အီရန် အထွတ်အထိပ်ခေါင်းဆောင် အလီခါမေနီ သတ်ဖြတ်ခံရမှုအတွက် လက်စားချေတဲ့အနေနဲ့ ဟစ်ဇ်ဘိုလာက အစ္စရေးဆီ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးက ပြောခဲ့ပါတယ်။
အဲဒီနောက် အရှေ့အလယ်ပိုင်းက အီရန်အစိုးရရဲ့ အဓိကမဟာမိတ်တွေထဲက တဖွဲ့ဖြစ်တဲ့ လက်ဘနွန် ရှီးအိုက် မွတ်စလင် ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေနဲ့ ဆက်စပ်နေတဲ့ နေရာတွေကို တိုက်ခိုက်နေတယ်လို့ အစ္စရေးက ပြောပါတယ်။
ဆယ်စုနှစ်များစွာအတွင်း အီရန်ပစ်မှတ်တွေအပေါ် အကြီးကျယ်ဆုံး စတင်တိုက်ခိုက်ပြီး နာရီပိုင်းအကြာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း လုံခြုံရေးအစည်းအဝေးတခု ခေါ်ယူကျင်းပခဲ့ပါတယ်။
အီရန်ကို တိုက်ခိုက်မှုတွေက တမင်သက်သက် တရားမဝင် တိုက်ခိုက်တာဖြစ်ပြီး အမေရိကန်အခြေစိုက် စခန်းတွေကို လက်ခံထားတဲ့ ပင်လယ်ကွေ့နိုင်ငံတွေ အပါအဝင် အစ္စရေးနဲ့ တခြားနိုင်ငံ ၇ နိုင်ငံကို ၂ ရက်အတွင်း ဒုံးကျည်အစင်း ၄၀၀၊ ဒရုန်းအစင်း ၈၀၀ ကျော်နဲ့ တုံ့ပြန်ခဲ့တယ်လို့ အီရန်အစိုးရက ပြောခဲ့ပါတယ်။
Source: Reuters


