
စစ်ဆင်ရေး အကျဉ်းချုပ်
အမေရိကန်စစ်တပ်ဟာ အီရန်ကို လေကြောင်းကနေ စတင်တိုက်ခိုက်တဲ့ ပထမဆုံးနေ့မှာတင် ပစ်မှတ်ပေါင်း ၁,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပါတယ်။
Epic Fury လို့အမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးရဲ့ ပထမဆုံး ၂၄ နာရီအတွင်းမှာ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်ဖြစ်တဲ့ (CENTCOM) က မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၀၃ ခုနှစ် အီရတ်ကို ကျူးကျော်ပြီးကတည်းကဆိုရင် ဒါဟာ ဒေသတွင်းမှာ အကြီးမားဆုံး လေတပ်အင်အား စုစည်းမှုကြီးတခုလည်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ တီဟီရန် စံတော်ချိန် မနက် ၉ နာရီ ၄၅ နာရီ (အရှေ့ပိုင်းစံတော်ချိန် မနက် ၁:၁၅) နေ့ခင်းကြောင်တောင်မှာပဲ စစ်ဆင်ရေးကို စတင်ခဲ့တာပါ။ ဒီစစ်ဆင်ရေးဟာ အစ္စရေးရဲ့ Roaring Lion စစ်ဆင်ရေးနဲ့လည်း အချိတ်အဆက်မိမိ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အီရန်ရဲ့ နျူကလီးယားလက်နက်နဲ့ ဘယ်လစ်စတစ်ဒုံးကျည် အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတွေ အဆင်မပြေခဲ့ပါဘူး။ အဲဒီနောက်မှာ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အာယာတိုလာ အလီ ခါမေနီရဲ့ တိကျတဲ့ တည်နေရာကို ထောက်လှမ်းသိရှိပြီး အခုလို တိုက်ခိုက်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အီရန်ရဲ့ တန်ပြန်တိုက်ခိုက်နိုင်စွမ်းကို ချိုးနှိမ်ဖို့အတွက် အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းတိုက်ခိုက်ဖို့ လိုအပ်တယ်လို့ အမေရိကန် အစိုးရအရာရှိတယောက်က ပြောပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့်ပ်က မနက်မလင်းခင်လေးမှာပဲ လူမှုကွန်ရက်ကနေတဆင့် လေကြောင်းစစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ “ကြီးမားပြင်းထန်တဲ့” တိုက်ခိုက်မှု ဖြစ်မယ်လို့ ကတိပေးခဲ့သလို၊ အီရန်ပြည်သူတွေကိုလည်း အစိုးရကို ပုန်ကန်ထကြွဖို့ တိုက်တွန်းခဲ့ပါတယ်။ စစ်ဆင်ရေးက ရက်နဲ့ချီ ကြာမြင့်မယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
ထိခိုက်ပျက်စီးမှုနှင့် ပစ်မှတ်များ
မတ်လ ၁ ရက် ဒုတိယနေ့ မှာလည်း အမေရိကန်၊ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ အီရန်ဘက်က တန်ပြန်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပါတယ်။ အမေရိကန်နဲ့ အစ္စရေးတပ်တွေက အီရန်စစ်တပ်ကို အပြင်းအထန် ထိုးနှက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ဘက်ကလည်း ဒေသတွင်းက အမေရိကန် စစ်စခန်းတွေနဲ့ လက်ခံထားတဲ့ နိုင်ငံတွေက အရပ်သားပစ်မှတ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် အမေရိကန်စစ်မှုထမ်း ၃ ဦး သေဆုံးပြီး ၅ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် အရပ်သား ၁၂ ဦးထက်မနည်းလည်း သေဆုံးခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
အရင်က Desert Storm စစ်ဆင်ရေးကလိုပဲ CENTCOM ဟာ အီရန်ရဲ့ အဓိက နေရာတွေကို ပစ်မှတ်ထားခဲ့ပါတယ်။ တိုက်ခိုက်ခံရတဲ့ ပစ်မှတ်တွေထဲမှာ—
- အာယာတိုလာ အလီ ခါမေနီ
- ကွပ်ကဲရေးစင်တာများ
- ထိပ်သီးအလွှာ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ၎င်းတို့၏ ပူးတွဲဌာနချုပ်
- IRGC လေကြောင်းနှင့် အာကာသတပ်ဖွဲ့ ဌာနချုပ်
- ပေါင်းစပ်လေကြောင်းရန်ကာကွယ်ရေးစနစ်များ
- ဘယ်လစ်စတစ်ဒုံးကျည်စခန်းများ
- ရေတပ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများ
- သင်္ဘောဖျက်ဒုံးကျည်စခန်းများနှင့် စစ်ဘက်ဆက်သွယ်ရေး စင်တာများ ပါဝင်ခဲ့ပါတယ်။
"CENTCOM တပ်ဖွဲ့တွေဟာ အီရန်အစိုးရရဲ့ လုံခြုံရေးယန္တရားကို ဖြိုခွဲဖို့ ပစ်မှတ်တွေကို တိုက်ခိုက်နေတာပါ။ ချက်ချင်းအန္တရာယ်ပေးနိုင်တဲ့ နေရာတွေကို ဦးစားပေး တိုက်ခိုက်နေပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတ်လ ၁ ရက်နေ့မှာ CENTCOM က Epic Fury စစ်ဆင်ရေးမှာ သုံးခဲ့တဲ့ လက်နက်တွေကို အသေးစိတ် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ လက်နက်အမျိုးအစား တခုချင်းစီကို ဘယ်လောက် သုံးခဲ့လဲ ဆိုတာကိုတော့ မပြောထားပါဘူး။ “ထုတ်ဖော်ပြောလို့မရတဲ့ အထူးစွမ်းရည်သုံး လက်နက်တွေ”လည်း သုံးထားတယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးတွင် အသုံးပြုခဲ့သော လက်နက်များ
၁။ လေယာဉ်များ (Aircraft)
(B-2 Spirit): ဗုံးကြဲလေယာဉ်တွေဟာ အမေရိကန်ကနေ အသွားအပြန် ပျံသန်းလာပြီး မြေအောက်ကွန်ကရစ် ဘယ်လစ်စတစ် ဒုံးကျည်စခန်းတွေကို ပေါင် ၂,၀၀၀ တန် ပဲ့ထိန်းဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ဆိုပါတယ်။ လေကြောင်းထိန်းချုပ်ရေး ဆက်သွယ်မှုတွေနဲ့ တခြားအချက်အလက်တွေအရ အစအဦး စစ်ဆင်ရေးမှာ B-2 ၄ စင်း ပါဝင်ခဲ့ပုံရပါတယ်။
(F-35 Lightning II): အမေရိကန်ဟာ အရှေ့အလယ်ပိုင်းမှာ လေတပ်ရဲ့ F-35 ကိုယ်ပျောက်တိုက်လေယာဉ် အစင်း ၃၀ လောက်ကို စုစည်းထားပါတယ်။ အီရန်တောင်ပိုင်း ရေပြင်မှာရှိနေတဲ့ USS Abraham Lincoln လေယာဉ်တင်သင်္ဘောပေါ်က မရိန်းတပ်ဖွဲ့ပိုင် F-35C လေယာဉ်တွေလည်း ပါဝင်ပါတယ်။ ဖေဖော်ဝါရီ ၂၈ မှာ CENTCOM က ဒီလေယာဉ်တွေရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။
(F-22 Raptor): စစ်ဆင်ရေးမစခင်လေးမှာပဲ ဗာဂျီးနီးယားက F-22 ၁၂ စင်းလောက် အစ္စရေးကို ရောက်လာပါတယ်။ စစ်ဆင်ရေးအတွက် ပထမဆုံးအကြိမ် ရောက်လာတာပါ။ ဇန်နဝါရီနဲ့ ပြီးခဲ့တဲ့ ဇွန်လ စစ်ဆင်ရေးတွေမှာလည်း သူတို့ ပါဝင်ခဲ့ဖူးပါတယ်။ အသေးစိတ်မပြောပေမဲ့ စစ်ဆင်ရေးအတွင်းမှာ သူတို့ဟာ တိုက်လေယာဉ်တွေကို အစောင့်အဖြစ် လိုက်ပါပေးတာ၊ ဝေဟင်ရန်သူတွေကို ရှင်းလင်းပေးတာတွေ လုပ်ခဲ့ပုံရပါတယ်။
(F-16 Fighting Falcon): ရန်သူ့လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ချေမှုန်းဖို့ အထူးပြုပြင်ထားတဲ့ Wild Weasels လေယာဉ်တွေ အပါအဝင် F-16 အစင်းပေါင်းများစွာ ဒေသတွင်းမှာ ရှိနေပါတယ်။ အီရန် စစ်ဆင်ရေးမှာ သူတို့ရဲ့ တိကျတဲ့ တာဝန်ကိုတော့ အမေရိကန်စစ်ဘက်က မပြောထားပါဘူး။
(A-10 Thunderbolt II): မြေပြင်တိုက်ခိုက်ရေး A-10 လေယာဉ် တအုပ်စု အနည်းဆုံး ရှိနေပါတယ်။ ပြီးခဲ့တဲ့လက ရေတပ်နဲ့ လေ့ကျင့်ရေးတွေ လုပ်ခဲ့သလို၊ မကြာသေးခင် လပိုင်းတွေက ဆီးရီးယားက အိုင်အက်စ် (IS) တွေကို တိုက်ခိုက်ရာမှာလည်း ပါဝင်ခဲ့ပါတယ်။ သူတို့ရဲ့ တာဝန်ကိုလည်း အတိအကျ မသိရသေးပါဘူး။
(F-15E Strike Eagle): F-15E အုပ်စုများစွာ ဒေသတွင်းမှာ ရှိနေပါတယ်။ တရားဝင်စာရင်းမှာ မပါပေမဲ့ စစ်ဆင်ရေး ပထမ ၂၄ နာရီ ဗီဒီယိုထဲမှာ သူတို့ကို တွေ့ရပါတယ်။ သူတို့က ပြီးခဲ့တဲ့နှစ်တွေအတွင်း အစ္စရေးကို ပစ်ခတ်တဲ့ အီရန်ဒရုန်းတွေ၊ ဒုံးကျည်တွေကို ပစ်ချရာမှာ တော်တော်လေး အသုံးဝင်ခဲ့ပါတယ်။
(EA-18 Growler): ရန်သူ့လေကြောင်းရန်ကာကွယ်ရေး ရေဒါတွေကို နှောင့်ယှက်ဖျက်ဆီးဖို့ ထုတ်လုပ်ထားတဲ့ ရေတပ် အီလက်ထရောနစ် တိုက်ခိုက်ရေး လေယာဉ်ပါ။ လေယာဉ်တင်သင်္ဘော Ford နဲ့ Lincoln နှစ်စီးလုံးမှာ ပါပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ စစ်ဆင်ရေးမှာလည်း ပါဝင်ခဲ့သလို၊ အခု Epic Fury စစ်ဆင်ရေးမှာလည်း အသုံးပြုနေတဲ့ပုံတွေကို ထုတ်ပြန်ထားပါတယ်။
၂။ ကွပ်ကဲရေး၊ ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေး လေယာဉ်များ
ဝေဟင်ကွပ်ကဲရေး လေယာဉ်များ (Airborne Early Warning & Control Aircraft): ရေဒါအဝိုင်းကြီးတွေ တပ်ထားတဲ့ လေတပ်ရဲ့ E-3 Sentry AWACS လေယာဉ် ၆ စင်း ဒေသတွင်းမှာ ရှိနေပါတယ်။ ရေတပ်က ရေဒါအသေးစားလေးတွေ တပ်ထားတဲ့ E-2D Hawkeyes တွေလည်း ပါဝင်တာကို ဓာတ်ပုံတွေအရ သိရပါတယ်။ CENTCOM ကတော့ နာမည်တပ်ပြီး မပြောထားပါဘူး။
ဝေဟင်ဆက်သွယ်ရေး လေယာဉ်များ (Airborne Communication Relay Aircraft): လေတပ်ရဲ့ E-11 BACN ဆက်သွယ်ရေးလေယာဉ် ၅ စင်း အရှေ့အလယ်ပိုင်းမှာ ရှိနေပါတယ်။ အမေရိကန်စစ်ဆင်ရေးတွေမှာ အရင်ကတည်းက သုံးခဲ့တာပါ။ စစ်ဆင်ရေးမှာ ဘယ်အမျိုးအစား သုံးခဲ့တယ်လို့ အတိအကျ မပြောပေမဲ့၊ ဒီလေယာဉ်တွေက ဒီလိုတာဝန်မျိုးအတွက် ထုတ်လုပ်ထားတာပါ။
(P-8 Poseidon): ရေတပ်ရဲ့ ကုန်းတွင်းအခြေစိုက် ရေကြောင်းနဲ့ ကုန်းတွင်းစောင့်ကြည့်ရေး လေယာဉ်တွေပါ။ ဟော်မုဇ်ရေလက်ကြားလို အရေးကြီးတဲ့ နေရာတွေမှာ လှုပ်ရှားနေပါတယ်။ မြေထဲပင်လယ်နဲ့ အရှေ့အလယ်ပိုင်းမှာ အစင်းများစွာ လှုပ်ရှားနေပါတယ်။
(RC-135 Rivet Joint): အမေရိကန်လေတပ်ရဲ့ တန်ဖိုးအကြီးဆုံး သူလျှိုလေယာဉ်တွေ ဖြစ်ပြီး ဆက်သွယ်ရေးလှိုင်းတွေကို ထောက်လှမ်းပါတယ်။ ဂရိကျွန်းစုဘက်ကနေ လှုပ်ရှားနေတာကို တွေ့ရပါတယ်။
(MQ-9 Reaper): သတင်းအချက်အလက် ယူဖို့၊ မှတ်တမ်းတင်ဖို့နဲ့ လိုအပ်ရင် ဒုံးကျည်ပစ်ခတ်ဖို့ သုံးတဲ့ နာမည်ကြီး အဝေးထိန်းဒရုန်းတွေပါ။ အရှေ့အလယ်ပိုင်းမှာ အများအပြား ရှိနေပါတယ်။
၃။ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များ
လေယာဉ်ဆီဖြည့် လေယာဉ်များ: KC-46 Pegasus နှင့် KC-135 Stratotanker လေယာဉ်တွေကို ဝေဟင်မှာ ဆီဖြည့်ပေးတဲ့ လေယာဉ်တွေပါ။ အရှေ့အလယ်ပိုင်းနဲ့ ဥရောပမှာ အစင်းပေါင်းများစွာ ရှိနေပြီး စစ်ဆင်ရေးကို အထောက်အကူ ပြုပေးနေပါတယ်။
သယ်ယူပို့ဆောင်ရေး လေယာဉ်များ (Airlift): C-17 Globemaster III နဲ့ C-130 လေယာဉ်တွေက လက်နက်တွေ၊ လူတွေနဲ့ ကုန်ပစ္စည်းတွေကို အရှေ့အလယ်ပိုင်းဆီ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းကတည်းက အများအပြား သယ်ယူပို့ဆောင်ပေးခဲ့ပါတယ်။
၄။ အခြား ပလက်ဖောင်းများ
(LUCAS drones): အီရန်က အမေရိကန်တပ်တွေကို တိုက်ခိုက်ခဲ့တဲ့၊ ရုရှားက ယူကရိန်းကို တိုက်ခိုက်ခဲ့တဲ့ အသေခံဒရုန်းတွေကို အမေရိကန်က ပုံတူကူးပြီး ထုတ်ထားတာပါ။ လူးကပ်စ် (LUCAS - Low-Cost Uncrewed Combat Attack System) တန်ဖိုးနည်း အသေခံဒရုန်းတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာကမှ ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့က ကိုင်တွယ်တာပါ။ “CENTCOM ရဲ့ တပ်ဖွဲ့တခုဟာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တလမ်းသွား အသေခံဒရုန်းတွေကို Epic Fury စစ်ဆင်ရေးမှာ အသုံးပြုနေပါတယ်။ အီရန်ရဲ့ ရှာဟတ်ဒရုန်းတွေကို ပုံတူကူးထားတဲ့ ဒီဒရုန်းတွေနဲ့ အမေရိကန်လုပ် လက်စားချေမှုကို ပြသနေတာပါ” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
(M-142 HIMARS): ဒုံးကျည်ပစ်လွှတ်စင်တွေပါ။ ဗီဒီယိုတွေထဲမှာ စစ်တပ်ရဲ့ PrSM (Precision Strike Missile) တာတိုပစ် ဘယ်လစ်စတစ် ဒုံးကျည်အသစ်တွေကို ပစ်ခတ်နေတာ တွေ့ရပါတယ်။ ဒီ HIMARS တွေကို အရှေ့အလယ်ပိုင်းမှာ သုံးနေတာ ကြာပါပြီ။
ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောများ (Guided-Missile Destroyers): လေယာဉ်တင်သင်္ဘောတွေနဲ့အတူ ပါလာတဲ့ ရေတပ်ဖျက်သင်္ဘော အများအပြားကနေ တိုမာဟော့ခ် ကုန်းတွင်းပစ် ခရုဇ်ဒုံးကျည် အမြောက်အမြားကို အီရန်ဆီ ပစ်ခတ်ခဲ့ပါတယ်။
ခရစ်ဂေါ်ဒွန်
Ref: Air and Space Forces


