
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်က အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ လိပ္ပုတ်ကျေးရွာမှာ စစ်လော်ဘီချယ်နယ်က မြေအောက်ဆေးရုံရှိတယ်လို့ ဝါဒဖြန့်ပြီးတဲ့နောက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့အတွက် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒေသခံ ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပထမအကြိမ် ဗုံးကြဲမှုမှာ လူနေအိမ်ပေါ်ကို တည့်တည့်ကျရောက်ခဲ့လို့ ပြည်သူ ၇ ယောက် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ရွာသားတွေ ကြောက်လန့်တကြား ထွက်ပြေးနေကြချိန်မှာ နောက်ထပ် တကြိမ်ဗုံးကြဲခဲ့လို့ မိသားစုဝင် ၃ ယောက် ထပ်မံသေဆုံးခဲ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အသက်အကြီးဆုံး ၉၀ အရွယ် အဘွားအိုတယောက်အပါအဝင် အငယ်ဆုံး လသားအရွယ် ကလေးငယ်နဲ့ အသက် ၁၀ နှစ်အောက် ကလေး ၃ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။
အခုလေကြောင်းတိုက်ခိုက်မှုဟာ စစ်တပ်လော်ဘီ 'ကျော်စိုးဦး' Telegram Channel ကနေ ဖြန့်ဝေခဲ့တဲ့ သတင်းကနေ အစပြုခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ တပတ်ခန့်က အဲဒီချန်နယ်ကနေတဆင့် 'လိပ္ပုတ်ရွာအနီးမှာ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ မြေအောက်ဆေးရုံ ရှိတယ်' ဆိုပြီး ဝါဒဖြန့် သတင်းတင်ခဲ့ပြီးတဲ့နောက် အခုလိုဗုံးကြဲခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တကယ်တမ်း မြေပြင်အခြေအနေမှာတော့ အဲဒီရွာမှာ မြေအောက် ဆေးရုံမရှိသလို ဒေါက်တာဇော်ဝေစိုး လာရောက်ဖူးခြင်းတောင် မရှိပဲ အေးချမ်းတဲ့ ရွာလေးတရွာသာ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အခု လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရပေမဲ့ ရွာအနီးနားမှာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို PDF တွေ အခြေစိုက်တာမျိုးလည်း မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။


