
အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နိုင်ငံပေါ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး မတ် ၃ ရက်မှာ ပညာရှင်များကောင်စီ အဆောက်အအုံနဲ့ ခေါင်းဆောင်ပိုင်း အိမ်ရာတွေကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် စစ်ဆင်ရေးစတင်ချိန်ကစလို့ အီရန်မှာ ပစ်မှတ်ပေါင်း ၂,၀၀၀ ကျော်ကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီး သေဆုံးသူ ၇၈၇ ယောက်အထိ ရှိလာပြီဖြစ်ပါတယ်။
“အီရန်မှာ အရာအားလုံး ပျက်စီးသွားပြီ” လို့ ထရမ့်ပ်က ပြောကြားခဲ့ပြီး လေကြောင်းရန်ကာကွယ်ရေး၊ လေတပ်၊ ရေတပ်နဲ့ ခေါင်းဆောင်ပိုင်းအားလုံး ကုန်ပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ဘက်က အရင်စတင်တိုက်ခိုက်တော့မယ်လို့ ယုံကြည်တဲ့အတွက် အခုလို ဝင်တိုက်ဖို့ အမိန့်ပေးခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အီရန်ဘက်ကလည်း အစ္စရေးနဲ့ အမေရိကန်ပစ်မှတ်တွေကို ၄ ညဆက်တိုက် လက်တုံ့ပြန်တိုက်ခိုက်နေပြီး ဒူဘိုင်းက အမေရိကန်သံရုံးနဲ့ ဖူဂျေရာဆိပ်ကမ်းတို့လည်း တိုက်ခိုက်ခံခဲ့ရပါတယ်။
အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပင်လိုက်ကြောင်း ကြေညာပြီးနောက် ရေနံတင်သင်္ဘောတွေကို အစောင့်အရှောက်ပေးဖို့ ရေတပ်ကို စေလွှတ်သွားမယ်လို့ အမေရိကန်က ဆိုပါတယ်။
ဒီဂယက်ကြောင့် အီရတ်မှာ ရေနံထုတ်လုပ်မှုတွေ ရပ်ဆိုင်းသွားသလို ဆိုက်ပရပ်စ်ကျွန်းက ဗြိတိန်စခန်း တိုက်ခိုက်ခံရတဲ့အတွက် ဗြိတိန်နဲ့ ပြင်သစ်တို့က လေကြောင်းရန်ကာကွယ်ရေးတပ်တွေ ထပ်မံစေလွှတ်ဖို့ ပြင်ဆင်နေကြပါတယ်။


