
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းစစ်ဆင်ရေး စတင်ကတည်းက အီရန်ရဲ့ အရေးပါတဲ့ နာတန့်ဇ် နျူကလီးယားစခန်းကို ပထမဆုံးအကြိမ် ထိမှန်သွားပုံရတဲ့ မှတ်တမ်းကို စီးပွားရေးသုံး ဂြိုဟ်တုရဲ့ ဓာတ်ပုံတွေမှာ ဖမ်းယူရရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ သိပ္ပံနဲ့ နိုင်ငံတကာလုံခြုံရေးအင်စတီကျု (I,S,I,S) က မတ် ၂ ရက်မှာ ပြောပါတယ်။
ကော်လိုရာဒိုအခြေစိုက် ဗန်တိုးကုမ္ပဏီက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ နာတန့်ဇ် မြေအောက် ယူရေနီယံ သန့်စင်စက်ရုံရဲ့ ဝင်ပေါက်နေရာ ၂ ခုကို တိုက်ခိုက်မှုဖြစ်ပွားခဲ့တာ တွေ့ရပြီးတော့ ဒီတိုက်ခိုက်မှုဟာ ဒေသစံတော်ချိန် မတ် ၁ ရက် မွန်းလွဲပိုင်းကနေ တနင်္လာနေ့ မနက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တာလို့ I,S,I,S တည်ထောင်သူ ကုလသမဂ္ဂ နျူကလီးယားစစ်ဆေးရေးမှူးဟောင်း ဒေးဗစ် အောလ်ဘရိုက်ထ်က ဆိုပါတယ်။
အဲဒီစက်ရုံဟာ မနှစ်က ဇွန်လမှာလည်း အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရဖူးပါတယ်။ နာတန့်ဇ် နျူကလီးယားစက်ရုံကို အမေရိကန်က တိုက်တာလား၊ အစ္စရေးက တိုက်တာလား ဆိုတာကိုတော့ အတိအကျ မပြောနိုင်ပေမဲ့ ဒီတိုက်ခိုက်မှုရဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို အစ္စရေး ပထဝီနိုင်ငံရေး လေ့လာသူ ဘန်ဇီယွန်းမက်ကေးလ်စ်က အစောဆုံး ရှာတွေ့ခဲ့တာလို့ သူက ဆိုပါတယ်။
ဒီတွေ့ရှိချက်တွေဟာ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ ရာဖဲလ်ဂရော့စီ ရဲ့ ဘာနျူကလီးယားမှ ထိခိုက်မှုမရှိသေးဘူးဆိုတဲ့ မှတ်ချက်နဲ့ ကွဲလွဲနေပြီး အီရန်ရဲ့ IAEA သံတမန် ရေဇာ နာဂျာဖီရဲ့ ပြောကြားချက်နဲ့ ကိုက်ညီနေပါတယ်။
တနေ့တည်းမှာပဲ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ကလည်း အီရန်စစ်ဘက်ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်နေတာကို ပြသထားတဲ့ ဗီဒီယိုမှတ်တမ်းတွေကို ထုတ်ပြန်ခဲ့ပြီး “အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့ အမေရိကန်တပ်ဖွဲ့တွေက ဆက်လက်ရှာဖွေချေမှုန်းနေဆဲဖြစ်တယ်” လို့ ဖော်ပြပါတယ်။
ဗီဒီယိုမှာ မြေပြင်ပေါ်က စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေလို့ ထင်ရတဲ့ တိုက်ခိုက်မှုတွေကို ပြသထားပြီး တည်နေရာကို မဖော်ပြထားပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ သူကိုယ်တိုင် အမိန့်ပေးခဲ့တာဖြစ်ကြောင်း တနင်္လာနေ့မှာ အတည်ပြု ပြောပါတယ်။
လူမှုကွန်ရက် X မှာ ထုတ်ပြန်ထားတဲ့ ကြေညာချက်အရ အီရန်ဟာ ဒေသအနှံ့ စစ်ဘက်နဲ့ အရပ်ဘက်ပစ်မှတ် မခွဲခြားဘဲ ပဲ့ထိန်းဒုံးကျည်တွေကို ပစ်လွှတ်နေဆဲဖြစ်ကြောင်း စွပ်စွဲထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်က စတင်ကာ ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုတွေကို ဆောင်ရွက်နေပြီး ပစ်မှတ်ပေါင်း ၁,၀၀၀ ကျော်ကို ထိမှန်ထားကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။
စစ်ဆင်ရေးဟာ ရက်အနည်းငယ်လောက်နဲ့ ပြီးဆုံးသွားမှာမဟုတ်ဘဲ ရက်သတ္တပတ်တွေနဲ့ချီပြီး ဆက်လက်ကြာမြင့်နိုင်ကြောင်းလည်း သိရပါတယ်။
Source: Reuters


