Home
နိုင်ငံတကာ
အီရန်ကို ထောက်ခံကြောင်း တရုတ်ပြော
DVB
·
March 3, 2026
Photo: Reuters

အချုပ်အခြာအာဏာကို ကာကွယ်နေတဲ့ အီရန်ကို ထောက်ခံတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အီရန်နိုင်ငံခြားရေးဝန်ကြီးကို မတ် ၂ ရက်မှာ ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို ကာကွယ်နေရတဲ့ အီရန်ကို တရုတ်က ထောက်ခံတယ်လို့ ပြောခဲ့တာပါ။

အီရန်စစ်ပွဲဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ပျံ့နှံ့ခဲ့ပါတယ်။ စနေနေ့က စတင်တိုက်ခိုက်ခဲ့မှုကြောင့် အီရန်နိုင်ငံမှာ လူ ရာနဲ့ချီပြီး သေဆုံးခဲ့ပါတယ်။

အီရန်နိုင်ငံကလည်း အစ္စရေး၊ ဂါဇာကမ်းမြောင်နဲ့ ဗြိတိန်အခြေစိုက် ဆိုက်ပရပ်စ်တို့ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အရာချီကို ဝမ်ယိက “တရုတ်နဲ့ အီရန်နိုင်ငံတို့ရဲ့ ရိုးရာ ချစ်ကြည်ရေးကို တရုတ်နိုင်ငံက မြတ်နိုးပါတယ်။ အချုပ်အခြာအာဏာ၊ နယ်မြေစိုးမိုးမှု၊ လုံခြုံရေး၊ အမျိုးသားဂုဏ်သိက္ခာနဲ့ တရားဝင် အခွင့်အရေးတို့ကို တရုတ်နိုင်ငံက ထောက်ခံပါတယ်” ဆိုပြီး ပြောခဲ့တယ်လို့ CCTV က ဖော်ပြပါတယ်။

ဒါ့အပြင် တင်းမာမှုတွေ အရှိန်မြင့်လာတာကို ရှောင်ရှားဖို့နဲ့ အရှေ့အလယ်ပိုင်းဒေသတခုလုံး ပဋိပက္ခတွေ ပျံ့နှံ့မှာကို ကာကွယ်ဖို့ အီရန်ကို ထိုးစစ်ဆင်နွှဲနေတဲ့ အမေရိကန်နဲ့ အစ္စရေးတို့ကို တရုတ်နိုင်ငံက တိုက်တွန်းခဲ့တယ်လို့လည်း CCTV က ဖော်ပြပါတယ်။

ဝမ်ယိဟာ မတ် ၂ ရက်က အိုမန်နိုင်ငံခြားရေးဝန်ကြီးနဲ့ သီးခြားဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့ပြီး အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂစည်းမျဉ်းတွေနဲ့ မညီကြောင်းနဲ့ အီရန်ကို တမင် ထိုးစစ်ဆင်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

CCTV ရဲ့ ဖော်ပြချက်အရ ကုလလုံခြုံရေးကောင်စီရဲ့ အစီအစဉ်နဲ့ စစ်ပွဲကို ရပ်တန့်ပြီး တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်စေလိုတာက တရုတ်နိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ဆန္ဒ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဝမ်ယိက ပြင်သစ် ဥရောပဆိုင်ရာနဲ့ နိုင်ငံခြားရေးဝန်ကြီး ဘာရော့ကို ဖုန်းခေါ်ဆိုခဲ့ပြီး တောတွင်းဥပဒေလို ဆုတ်ယုတ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။

နိုင်ငံကြီးတွေက သူတို့ရဲ့ အားသာတဲ့ စစ်တပ်ကို အသုံးချပြီး တခြားနိုင်ငံတွေကို ထင်ရာမြင်ရာ တိုက်ခိုက်လို့ မရကြောင်းနဲ့ အီရန်ရဲ့ နျူကလီးယားအရေးက နိုင်ငံရေးနဲ့ သံတမန်ရေးအရ ဖြေရှင်းရမဲ့အကြောင်း ဝမ်ယိက ပြောခဲ့တယ်လို့ CCTV က ဖော်ပြပါတယ်။

အီရန်ရဲ့ အချုပ်အခြာအာဏာ ကာကွယ်မှုကို တရုတ်က ထောက်ခံတယ်လို့ ပြောဆိုထားပေမဲ့ အီရန်ကို လက်နက်ရောင်းမှာ မဟုတ်ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013