
သည်းမခံနိုင်တဲ့ ခြိမ်းခြောက်မှုကို ဆန့်ကျင်ဖို့ နောက်ဆုံးနဲ့ အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း အီရန်ကို တိုက်ခိုက်တာနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကာကွယ်ပြောဆိုပါ တယ်။
နျူကလီးယားနဲ့ ဘယ်လစ်စတစ်ဒုံးကျည် အစီအစဉ်တွေကို ဖျက်ဆီးဖို့ အီရန်ကို တိုက်ဖို့ အမိန့်ပေးခဲ့တာလို့ မတ် ၂ ရက်မှာ ထရမ့်ပ်က ပြောတာပါ။
တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ချချိန် အီရန်ဆီက ခြိမ်းခြောက်မှုရလာတော့မယ်လို့ ပြောပေမဲ့ အထောက်အထားတော့ ထရမ့်ပ်က ပြတာမျိုး မရှိပါဘူး။
အမေရိကန်ရဲ့ တိုက်ခိုက်မှုမှာ အီရန်ခေါင်းဆောင် အယာတိုလာအလီခါမီနီ သေဆုံးခဲ့ပြီး အီရန် စစ်သင်္ဘောတွေလည်း နစ်မြှုပ်ခဲ့ကာ ပစ်မှတ် ၁,၀၀၀ ကျော် ထိမှန်ခဲ့ပါတယ်။
ထရမ့်ပ်က “အီရန်ကို တိုက်တာက ကျနော်တို့ရဲ့ အကောင်းဆုံးနဲ့ နောက်ဆုံးအခွင့်အရေးပါ။ အီရန်က အန္တရာယ်ပြုမဲ့ အခြေအနေမှာရှိတာကြောင့် သည်းမခံနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ရှင်းလင်းတာ ဖြစ်တယ်” လို့ ပြောပါတယ်။
အီရန်ကို တိုက်ခိုက်မှုဟာ ၄ ပတ်ကနေ ၅ ပတ်အထိ ကြာမြင့်နိုင်သလို ဒီထက်လည်း ကာလပိုရှည်နိုင်တယ်လို့ ထရမ့်ပ်က ပြောထားပါတယ်။
အီရန်ကို တိုက်ခိုက်ရတဲ့အကြောင်းက နျူလက်နက်တွေ ထုတ်လုပ်မှုကို ကာကွယ်ဖို့ ဖြစ်ပြီး အီရန်က နျူလက်နက် ထုတ်လုပ်တာနဲ့ တာဝေးပစ် ဘယ်လစ်စတစ်ဒုံး ထုတ်လုပ်မဲ့ အစီအစဉ်ကြောင့်လို့လည်း ထရမ့်ပ်က ပြောပါတယ်။
ဒါ့အပြင် ထရမ့်ပ်က သမ္မတဟောင်း အိုဘားမားနဲ့ အီရန်တို့ သဘောတူခဲ့တဲ့ နျူကလီးယားစာချုပ်ဟာ အန္တရာယ်အရမ်းများတဲ့ကိစ္စ ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါသေးတယ်။
အိုဘားမား နဲ့ သမ္မတဟောင်း ဂျိုးဘိုင်ဒင်တို့ အီရန်နဲ့ နျူကလီးယားဆိုင်ရာ စာချုပ်တွေက အရှေ့အလယ်ပိုင်း တင်းမာမှုတွေကို အရှိန်မြင့်စေတယ်လို့ ထရမ့်ပ်က လက်ညှိုးထိုး စွပ်စွဲလိုက်တာလို့ ရိုက်တာက ဖော်ပြပါတယ်။
အိုဘားမား ချုပ်ဆိုထားတဲ့ စာချုပ်ကို မဖျက်ဘူးဆိုရင် အီရန် နျူကလီးယားလက်နက်ကို ပြီးခဲ့တဲ့ ၃ နှစ်ကတည်းက ပိုင်ဆိုင်နိုင်မှာလို့လည်း ထရမ့်ပ်က ပြောပါတယ်။
အခုအချိန်မှာ အိုဘားမား နဲ့ အိပ်ငိုက်တဲ့ ဘိုင်ဒင်ကို အပြစ်တင်နိုင်ပြီလို့လည်း ရေးသားထားတာ တွေ့ရပါတယ်။


