
ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့က ကောင်စစ်ဝန်ရုံးကို မတ် ၁ ရက်က ဝင်စီးခဲ့တဲ့ ဆန္ဒပြသူတွေကို အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ အမေရိကန်တာဝန်ရှိသူ ၂ ယောက်က ရိုက်တာသတင်းဌာနကို အတည်ပြုပါတယ်။
အီရန်အဓိပတိ အယာတိုလာ အလီခါမေနီ လုပ်ကြံခံရတာကို ဆန့်ကျင်ဆန္ဒပြသူတွေက ကောင်စစ်ဝန်ရုံး အပြင်တံတိုင်းကို ကျော်ဖြတ်ဝင်ရောက်လာချိန်မှာ လူ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။
ဒီလူတွေဟာ မရိန်းတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးတာလား၊ ပုဂ္ဂလိက လုံခြုံရေးနဲ့ ပြည်တွင်းရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးတာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆူခ်ဒက်ဗ် အဆာဒက်စ် ဟမ်နန်နီ ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က ပစ်ခတ်ခဲ့တယ်လို့ ပြောပေမဲ့ ဘယ်အဖွဲ့ဆိုတာကို တိတိကျကျ မပြောပါဘူး။
ကရာချိရဲတပ်ဖွဲ့ အရာရှိတယောက်ကတော့ ကောင်စစ်ဝန်ရုံးဝင်းထဲကနေ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဆန္ဒပြသူတွေဟာ အမေရိကန်နဲ့ အစ္စရေး ကျဆုံးပါစေလို့ ကြွေးကြော်ခဲ့ကြပြီး ဆန္ဒပြသူတယောက်က ကောင်စစ်ဝန်ရုံးဘက်ကို သေနတ်နဲ့ပစ်ခတ်နေတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်နေပါတယ်။
နိုင်ငံတဝန်း ဆန္ဒပြမှုတွေကြောင့် လူ ၂၆ ယောက် သေဆုံးခဲ့ပြီးနောက် မတ် ၂ ရက်မှာ အစိုးရက လူစုလူဝေးလုပ်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။
ဒါပေမဲ့ ရှီးယိုက်ခေါင်းဆောင်တွေကတော့ ကရာချိနဲ့ လာဟိုးမြို့တွေမှာ ဆက်လက်ဆန္ဒပြကြဖို့ တိုက်တွန်းထားပါတယ်။
လက်ရှိမှာတော့ ကရာချိ၊ လာဟိုးနဲ့ အစ္စလာမ္မာဘတ်မြို့တွေက အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ ရဲတပ်ဖွဲ့အင်အား အများအပြားချထားပြီး လုံခြုံရေး တင်းကျပ်ထားပါတယ်။
Source: Reuters


