Home
နိုင်ငံတကာ
အရှေ့အလယ်ပိုင်းတိုက်ပွဲကြား ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများကို တူရကီမှတဆင့် ပြန်ခေါ်မည်  
DVB
·
March 3, 2026
Photo: REUTERS/Ismet Mikailogullari

အရှေ့အလယ်ပိုင်း ပဋိပက္ခ ပြင်းထန်လာမှုကြောင့် အီရန်နိုင်ငံအတွင်း ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို တူရကီနိုင်ငံကတဆင့် ပြန်ခေါ်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တဲ့အကြောင်း The Nation Thailand သတင်းမှာ မတ် ၂ ရက်က ဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆပ် ဖုန်ကစ်ကယောက်က အရှေ့အလယ်ပိုင်း ပဋိပက္ခက နျူကလီးယားစခန်းတွေကို အကန့်အသတ်နဲ့ တိုက်ခိုက်တဲ့အဆင့်ထက် ကျော်လွန်သွားပြီဖြစ်ပြီး “ရေရှည်” ပဋိပက္ခဖြစ်လာနိုင်ကြောင်း သတိပေးပြောပါတယ်။

ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ (NSC) အစည်းအဝေးအပြီး ဝန်ကြီးက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီး ဆီဟာဆပ်က “ကျနော်တို့အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြောင်းပြချက်နဲ့ ဘေးကင်းလုံခြုံတဲ့ ဖြတ်သန်းခွင့်ရဖို့ အီရန်အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေပါတယ်။ ဒီခရီးက အလွန်ပင်ပန်းဆင်းရဲနိုင်ပြီး ကျနော်တို့ နိုင်ငံသားတွေအတွက် ခိုင်မာတဲ့ လုံခြုံရေးအာမခံချက် လိုအပ်ပါတယ်” လို့ ဆိုပါတယ်။

အစီအစဉ်အရ နိုင်ငံသားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ဖို့အတွက် တူရကီနယ်စပ်အထိ ကီလိုမီတာ ၁,၀၀၀ နီးပါးရှိတဲ့ ခက်ခဲတဲ့ ကုန်းလမ်းခရီးကနေ သွားရောက်ရမှာဖြစ်ပြီး အဲဒီကမှတဆင့် လေကြောင်းခရီးနဲ့ ဆက်လက်ထွက်ခွာရမဲ့ အစီအစဉ်ကို ချမှတ်ထားတာပါ။

ဒါ့အပြင် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ရောက် ထိုင်းနိုင်ငံသား ၁,၀၀၀ ကျော်မှာ နေရပ်ပြန်နိုင်ရေး ဆန္ဒပြုထားပြီးဖြစ်ကြောင်းနဲ့ သူတို့ကိုတော့ အိုမန်နိုင်ငံ၊ မတ်စကတ်မြို့ကတဆင့် ပြောင်းရွှေ့ပေးသွားမယ်လို့ သိရပါတယ်။

ဘာရိန်း၊ ကာတာနဲ့ ကူဝိတ်တို့လို တခြားပင်လယ်ကွေ့နိုင်ငံတွေအတွက်ကတော့  စီးပွားဖြစ်လေကြောင်းလိုင်းတွေ ပုံမှန်ပြေးဆွဲနေဆဲဖြစ်တဲ့ အိမ်နီးချင်း ဆော်ဒီအာရေဗျနိုင်ငံနဲ့ ပူးပေါင်းကာ ရွှေ့ပြောင်းရေးအစီအစဉ်တွေကို ရေးဆွဲနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒေသတွင်း တင်းမာမှုတွေ ရှိနေပေမဲ့ အစ္စရေးနိုင်ငံ အာဏာပိုင်တွေက အခြေအနေကို ထိန်းချုပ်ထားနိုင်တာကြောင့် အဆိုပါနိုင်ငံရောက် ထိုင်းနိုင်ငံသားတွေဆီကတော့ နေရပ်ပြန်ဖို့ တောင်းဆိုမှုတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒူဘိုင်းနဲ့ အဘူဒါဘီရောက် ထိုင်းနိုင်ငံသားတွေအတွက်ကတော့ ယူအေအီးကနေ အိုမန်ဆီ ၂ နာရီကြာ ခရီးစဉ်က လက်ရှိမှာ အမြန်ဆုံးထွက်ခွာနိုင်မဲ့ လမ်းကြောင်းဖြစ်တယ်လို့ သတ်မှတ်ထားတာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အန္တရာယ်ရှိဇုန်အတွင်းရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေ အနေနဲ့ ရေနဲ့ အစားအစာခြောက်တွေကို အလုံအလောက် စုဆောင်းထားဖို့ တိုက်တွန်းထားသလို နောက်ထပ် အကြောင်းမကြားမချင်း အရှေ့အလယ်ပိုင်းဒေသတွေဆီ ခရီးသွားခြင်းကို ရှောင်ကြဉ်ကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Source: The Nation Thailand

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013