
အီရန်ရဲ့ ‘လျှို့ဝှက်နျူကလီးယားဌာနချုပ်’ ကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က မတ် ၃ ရက်မှာ ပြောပါတယ်။
ဒီနေရာမှာ အီရန်က ‘နျူကလီးယားလက်နက်တွေရဖို့ စွမ်းရည်တွေနဲ့ အသိပညာ’ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ထားတယ်လို့ အစ္စရေး စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ အက်ဖီ ဒက်ဖရင်က ပြောပါတယ်။ ဒီအခိုင်အမာပြောဆိုချက်အတွက် အထောက်အထား တစုံတရာတော့ မပေးခဲ့ပါဘူး။
၂၀၂၅ ခုနှစ် ဇွန်လမှာ အစ္စရေးနဲ့ ပဋိပက္ခဖြစ်အပြီး အီရန်အစိုးရက လက်နက်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို မြေအောက်အဆောက်အအုံတွေဆီ ရွှေ့ပြောင်းခဲ့တယ်လို့ သူက ထပ်ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ တီဟီရန်မြို့ကို တိုက်ခိုက်ရာမှာ လက်ဘနွန်နိုင်ငံက အီရန်ရဲ့တပ်မှူး ဒါအွတ် အလီဇာဒေကို သတ်ဖြတ်ခဲ့တယ်လို့လည်း ဒက်ဖရင်က အတည်ပြုခဲ့ပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့က အီရန်လေပိုင်နက် အားလုံးနီးပါးကို ထိန်းချုပ်ထားပြီး သာလွန်မှုက လာမဲ့ရက်အနည်းငယ်အတွင်း ထင်ရှားလာမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံတမန် ဒန်နီ ဒန်နွန် က မတ် ၃ ရက်မှာ ပြောပါတယ်။
အီရန်နဲ့ ပဋိပက္ခက တရက်၊ တပတ်အတွင်း ပြီးမှာမဟုတ်ဘူးလို့လည်း ဒါနွန်က သတင်းထောက်တွေကို နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ပြောပါတယ်။
ဒါနွန်က “အီရန်အစိုးရရဲ့ စွမ်းရည်တွေကို ကျနော်တို့သိပါတယ်။ သူတို့ဟာ အကြမ်းဖက်မှု အခြေခံအဆောက်အအုံတွေအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးစွဲခဲ့ကြပြီး ဒါဟာ ပြင်းထန်တဲ့ စစ်ဆင်ရေးတခု ဖြစ်လာမယ်ဆိုတာ ကျနော်တို့ သိပါတယ်” လို့ ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေအပေါ် အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ဘယ်လောက်ကြာကြာ ဆက်ဖြစ်နေနိုင်မလဲလို့ မေးမြန်းတဲ့အခါ ဒါနွန်က စနေနေ့ကတည်းက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ အီရန်ရဲ့ စွမ်းရည်တွေကို လျော့ကျစေခဲ့တယ်လို့ ပြောပါတယ်။
Source: Reuters


