
အီကွေဒေါနဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ အီကွေဒေါနိုင်ငံရှိ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေကို စစ်ဆင်ရေးတွေ စတင်ခဲ့ကြောင်း အမေရိကန်စစ်တပ်ရဲ့ တောင်ပိုင်းကွပ်ကဲမှုဌာန (SOUTHCOM) က မတ် ၃ ရက်မှာ ပြောပါတယ်။
တောင်ပိုင်းနဲ့ အလယ်ပိုင်း အမေရိကနဲ့ ကာရစ်ဘီယံဒေသက နိုင်ငံပေါင်း ၃၁ နိုင်ငံကို တာဝန်ယူရတဲ့ SOUTHCOM က အခုလှုပ်ရှားမှုဟာ တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို တိုက်ဖျက်ဖို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
SOUTHCOM တပ်မှူး ဗိုလ်ချုပ်ကြီး ဖရန်စစ် အယ်လ် ဒိုနိုဗန်က“အခုစစ်ဆင်ရေးဟာ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသတွင်းက မူးယစ်အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ ကျနော်တို့ရဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို ပြသလိုက်တာပါ။ ပြည်သူတွေအပေါ် အကြမ်းဖက်မှုနဲ့ အဂတိလိုက်စားမှုတွေ ကျူးလွန်နေတဲ့ မူးယစ်ဂိုဏ်းတွေကို ပြတ်ပြတ်သားသား အရေးယူသွားမှာ ဖြစ်သလို သတ္တိရှိရှိ တိုက်ပွဲဝင်နေတဲ့ အီကွေဒေါ စစ်တပ်ကိုလည်း ချီးကျူးဂုဏ်ပြုပါတယ်” လို့ X မှာ ပို့စ်တင်ပြီး ပြောထားပါတယ်။
ဒီစစ်ဆင်ရေးဟာ အီကွေဒေါနိုင်ငံတွင်းတင်မကဘဲ တဒေသလုံးမှာရှိတဲ့ မူးယစ်ဆေးဝါး ပြဿနာတွေကို ထိန်းချုပ်ဖို့ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
Source: Reuters


