
အီရန်တွင် နောက်တက်လာမည့် ခေါင်းဆောင်ပိုင်းသည် အနောက်အုပ်စုဘက် ပြန်၍ ယိမ်းသွားမည် ဆိုပါက အရှေ့အလယ်ပိုင်းရှိ တရုတ်၏ သံတမန်ရေးနှင့် ကာကွယ်ရေး ရည်မှန်းချက်များကို ခြိမ်းခြောက်မှု ဖြစ်လာနိုင်ပေသည်။ သို့သော် ဘေဂျင်းအနေဖြင့် အီရန်ခေါင်းဆောင်သစ်အပေါ်တွင် လက်တွေ့ကျသည့် ချဉ်းကပ်မှုမျိုးကို ကျင့်သုံးလာလိမ့်မည်ဟု မျှော်လင့်နေကြောင်း South China morning Post သတင်းစာတွင် ရေးသားထားသည်။
ဆိုလိုသည်က ခွေးလာလာ ပွေးလာလာ အကျိုးရှိရာရှိကြောင်း ဦးတည် လုပ်ဆောင်သွားမည်ဟု ဆိုလိုရင်း ဖြစ်သည်။
ယခုအခါ တရုတ်သည် ၎င်း၏ ရေနံဝယ်ယူ တင်သွင်းရာ လမ်းကြောင်းများဖြစ်သည့် အီရန်နှင့် ဗင်နီဇွဲလားတို့အား လက်လွှတ်ရမည့် အနေအထား ဖြစ်လာနေသည်။
တရုတ်သည် အမေရိကန်အား ပြင်းထန်စွာ ရှုတ်ချနေသော်လည်း အီရန်နိုင်ငံသည် ပွင့်လင်းသည့် ဈေးကွက်စီးပွားရေးစနစ်ကို ကူးပြောင်းသွားမည်ဆိုက တရုတ်နှင့် ကုန်သွယ်မှုကို ငြင်းပယ်မည် မဟုတ်။ ထို့အပြင် အနောက်အုပ်စု လိုလားသည့် အစိုးရတရပ် ပေါ်ပေါက်လာပြီး အမေရိကန်ဘက်မှ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းသွားမည်ဆိုက တကယ်တမ်းတွင် အီရန်နိုင်ငံအတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ ပို၍ပင် မြှင့်တင်ပေးနိုင်လိမ့်မည်ဟု တရုတ် အစိုးရနှင့် နီးစပ်သော တွေးခေါ်မြော်မြင်ရေးအဖွဲ့က သုံးသပ်ထားသည်ဟု သတင်းစာက ရေးသားထားသည်။
မြန်မာတွင်လည်း တရုတ်၏ စီမံကိန်းကြီးများ ရပ်တန့်နေသည်မှာ ၅ နှစ်ပင် တိုင်လာခဲ့ပြီ ဖြစ်သည်။ ရွေးကောက်ပွဲသည် တရုတ်၏ နောက်ဆုံး ပုံအောလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းတို့ မျှော်လင့်ထားသလို ဖြစ်မလာက မည်သို့ လုပ်ရမည်ကို ထရမ့်ပ်က ရှေ့မှ လမ်းပြသွားခဲ့ပြီ မဟုတ်ပါလား။
မြန်မာပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှု ပြန်လည်တည်ဆောက်နိုင်မည့်အပြင် ၎င်းတို့ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် လည်ပတ်နိုင်မည် ဖြစ်သည်။ ဤသည်က မိမိ အယူအဆသာ ဖြစ်သည်။
သတင်းစာက ဆက်လက် ရေးသားရာတွင် မြန်မာတွင် တရုတ်ဘက်က အမျှော်လင့်ကြီး မျှော်လင့်ထားသည် ရွေးကောက်ပွဲသည်လည်း အတိုင်းအတာတခုအထိ တည်ငြိမ်မှု ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်သူ အနည်းငယ်သာ ရှိပေတော့သည်။
ထိုအစား မြန်မာတွင် ပိုမိုယိုင်နဲ့လိုက်လာသော နိုင်ငံရေးအခင်းအကျင်းကြောင့် ရှေ့ဆက်ရမည့် လမ်းမှာ ပိုမိုခက်ခဲရှုပ်ထွေးနေကြောင်းလည်း လေ့လာသူများက ထောက်ပြကြသည်။
စစ်အုပ်စုကို ခုခံတွန်းလှန်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ဒီမိုကရေစီ အင်အားစုများအကြား စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာခြင်းသည်လည်း တရုတ်တို့ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများထဲမှ တခု ဖြစ်လာနေသည်ဟု ဆိုသည်။
“နောင်တက်လာမည့် အစိုးရသည်လည်း အရင်ကထက် ပိုများတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” ဟု အစိုးရလက်အောက်ခံ အကြံပေးအဖွဲ့တခုဖြစ်သည့် ယူနန် လူမှုသိပ္ပံအကယ်ဒမီမှ အထူးသုတေသနပညာရှင် ယင်း က ပြောသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တရုတ်အပေါ် အထင်အမြင်လွဲမှားမှုများ ပိုမိုဆိုးရွားလာသည့် အတွက်ကြောင့်လည်း ယခုအခြေအနေသည် တရုတ်၏ မြန်မာအပေါ် ကိုင်တွယ်ချဉ်းကပ်ပုံကို ပိုမိုခက်ခဲရှုပ်ထွေးစေလိမ့်မည်ဟု ခန့်မှန်းရသည်။
ထို့ပြင် တော်လှန်ရေးအင်အားစုများ၏ ‘၁၀၂၇ စစ်ဆင်ရေး’ အပြီးတွင် နှစ်ဖက်စလုံး အပစ်အခတ် ရပ်စဲကြရန်နှင့် သိမ်းယူထားသော နယ်မြေများ ပြန်ပေးရန် တရုတ်အစိုးရ၏ အတင်းအကျပ် ဖိအားပေးခဲ့မှုကြောင့် စစ်အုပ်စုဘက်ကကော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကပါ တရုတ်နိုင်ငံအပေါ် မယုံကြည်မှုများ ပိုမိုနက်ရှိုင်းလာခဲ့ကြောင်း ယင်း က ဆိုသည်။
ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနှင့်၊ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြန်မာပြည်သူများ၏ ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများသည်လည်း ဆက်တိုက်ဆိုသလို ဆိုးရွားလာနေပါတယ် ဟု ၎င်းက ပြောကြားခဲ့သည်။
တကယ်တမ်း ကြည့်မည်ဆိုက တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးနိုင်စွမ်းနှင့် ထိရောက်မှုသည် အရင်ကကဲ့သို့ ဖြစ်လာတော့မည် မဟုတ်ဟု မှတ်ချက်ချခဲ့သည်။
အနောက်နိုင်ငံများအနေဖြင့်လည်း စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် ရှိ၊ မရှိနှင့် မည်မျှအထိ ဖြေလျှော့ပေးမည်ကို မဆုံးဖြတ်မီ အစိုးရသစ်၏ အုပ်ချုပ်မှုစွမ်းဆောင်ရည်ကို အကဲဖြတ် စစ်ဆေးသွားမည် ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်မှာ အချိန်ယူရမည်ဖြစ်သကဲ့သို့၊ အစိုးရသစ်နှင့် စစ်တပ်တို့က အနောက်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မည်ကဲ့သို့ ထိတွေ့ဆက်ဆံမည် ဆိုသည့် အချက်အပေါ်တွင်လည်း မူတည်နေသည်။
ထရမ့်ပ်သည် မြန်မာအပေါ် ထုတ်ပြန်ထားသည့် ဝါရှင်တန်၏ “အရေးပေါ်အခြေအနေ” ကြေညာချက်ကို ပြီးခဲ့သည့် လအတွင်း နောက်ထပ်တနှစ် သက်တမ်းတိုးခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်ကျင့်သုံးခဲ့သည့် ဤကြေညာချက်အရ လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ခြင်းနှင့် စစ်ကောင်စီနှင့် စီးပွားရေးလုပ်ဆောင်သော ဘဏ်များကို နာမည်ပျက်စာရင်းသွင်းခြင်း အပါအဝင် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများသည် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။
သို့သော်လည်း ၎င်း၏အစိုးရအဖွဲ့သည် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို “အနီးကပ်စောင့်ကြည့်” သွားမည်ဖြစ်ပြီး၊ အစုအဖွဲ့အသီးသီးအကြား ဆွေးနွေးမှုများ ဖြစ်လာစေရန် “သက်ဆိုင်ရာ အကျိုးစီးပွားဆက်နွှယ်သူများနှင့် ဒေသတွင်းမိတ်ဖက်များ” နှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု ထရမ့်ပ်က ထုတ်ဖော်ပြောဆိုလာခဲ့သည်။
“မြန်မာနိုင်ငံအတွင်းနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ လိုအပ်သလို ဖိအားပေးမှုတွေကို ချိန်ညှိသွားဖို့ အသင့်ရှိနေပါတယ်” ဟု သမ္မတ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နှင့် အိန္ဒိယနယ်စပ်တလျှောက် ကချင်ပြည်နယ်တွင် အဓိကစုဝေးနေသည့် မြန်မာ့မြေရှားသတ္တုသိုက်များကို ရရှိနိုင်ရန်အတွက် ထရမ့်ပ်အစိုးရသည် စစ်အုပ်စု သို့မဟုတ် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် မူဝါဒ ပြောင်းလဲလာနိုင်ခြေ ရှိ၊ မရှိအပေါ် ဆွေးနွေးငြင်းခုံမှုများလည်း ပိုမိုထွက်ပေါ်လာနေသည်။
စစ်အုပ်စုသည် အစဉ်အလာအရရော၊ လက်ရှိအခြေအနေအရပါ တရုတ် တနိုင်ငံတည်းအပေါ် အလွန်အကျွံ အမှီမပြုမိစေဖို့ တခြားအင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးကို မျှခြေဖြစ်အောင် ကြိုးစားနေသည်။
တရုတ်နှင့် ယုံကြည်မှု အားနည်းလာသည့်အချိန်တွင် ရုရှားသည် စစ်အုပ်စုအတွက် အဓိက အားကိုးရာ လက်နက်နှင့် နည်းပညာ ပံ့ပိုးသူ ဖြစ်လာသည်။ ရုရှားနှင့် ၅ နှစ်တာ စစ်ရေး သဘောတူညီချက်သည် ရေရှည်တွင် ရုရှား၏ ဩဇာကို မြန်မာနိုင်ငံအတွင်း ပိုမိုကျယ်ပြန့်လာစေနိုင်တဲ့ ခြေလှမ်းတခု ဖြစ်လာနိုင်သည်။
လက်ရှိတွင် စစ်အုပ်စုသည် ဘီဂျင်း အပေါ် အလွန်အမင်း မှီခိုနေရသော်လည်း ဖြစ်နိုင်ခြေရှိသော ရွေးချယ်စရာ လမ်းစအားလုံးကို စ၍ တွက်ချက် ချင့်ချိန်နေပုံရသည်ဟု ယင်း က ထောက်ပြ ပြောဆိုခဲ့သည်။
လှစိုးဝေ


