Home
မြန်မာသတင်း
မြန်မာစစ်တပ်က လူမျိုးရေးနှင့် ဘာသာရေးကို လက်နက်အဖြစ် အသုံးချနေဟု အမေရိကန် ထုတ်ပြန်
DVB
·
March 6, 2026
အမေရိကန်ပြင်ပနိုင်ငံတွေမှာ ခရစ်ယာန်ဘာသာဝင်တွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုအခြေအနေ၊ USCIRF ရဲ့ အထက်လွှတ်တော်ရုံးမှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်ခဲ့တဲ့ ကြားနာပွဲ။ Photo:DVB

အမေရိကန်၊ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) ရဲ့ ၂၀၂၆ အစီအရင်ခံစာကို ဒေသစံတော်ချိန် မတ် ၄ ရက်က ထုတ်ပြန်ရာမှာ မြန်မာစစ်တပ်ဟာ ရည်ရွယ်ရှိရှိ ခွဲခြားအုပ်ချုပ်တဲ့မူဝါဒကိုကျင့်သုံးနေတယ်လို့ ဖော်ပြပြီး လူမျိုးရေးနဲ့ဘာသာရေးကို လက်နက်အဖြစ် အသုံးချနေတယ်လို့ ကောက်ချက်ပေးထားပါတယ်။ 

ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို "အထူးစိုးရိမ်ဖွယ်နိုင်ငံ" အဖြစ် ပြန်လည် သတ်မှတ်ဖို့လည်း အကြံပြုထားပါတယ်။

အရင်နှစ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အမေရိကန်အစိုးရနဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုတင်သတ်မှတ်ချက်တွေရှိခဲ့ပြီး အခုနှစ်မှာတော့ သတ်မှတ်ချက်တွေကို ဖြေလျှော့ပေးလိုက်ပါတယ်။ 

ကြိုတင်သတ်မှတ်ချက်တွေမှာ ရိုဟင်ဂျာအသိုက်အဝန်းကို ဆန္ဒအလျောက်နေရပ်ပြန်ရေးနဲ့ နိုင်ငံသားအဖြစ် ပြန်လည်ပေးအပ်ရေးအချက်အပါအဝင် ပြည်တွင်းမှာ ထိလွယ်ရှလွယ်ဖြစ်စေခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာအချက်အလက်တချို့ ပါဝင်ခဲ့တာပါ။

အခုနှစ်မှာတော့ ကြိုတင်သတ်မှတ်ချက်ဆိုတဲ့ အသုံးအနှုန်းကို ဖြေလျှော့လိုက်ပြီး ပူးတွဲ ရည်မှန်းချက်အဖြစ်သာ ဖော်ပြပါတယ်။ 

အာဏာသိမ်းမှုအလွန် NUG၊ တိုင်းရင်းသားတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံ ပြန်လည် တည်ဆောက်ရေးမူဝါဒတွေမှာ ကြိုတင်သတ်မှတ်ချက်တွေကို သေသေချာချာထည့်သွင်းဖို့ ကိုသာ ပြောင်းလဲတိုက်တွန်းထားပါတယ်။

လော့စ်အိန်ဂျယ်လိစ်မြန်မာလှုပ်ရှားမှုအဖွဲ့ ဂျိမ်းစ်ရွှေက “ဒီအစီအရင်ခံစာက နိုင်ငံခြားရေး ဝန်ကြီးဌာနတို့၊ ကွန်ဂရက်တို့အတွက် သူတို့က ဘယ်လိုဥပဒေမျိုးပြုသင့်တယ်၊ ဘယ်လိုပေါ်လစီမျိုး ချသင့်တယ်ဆိုတာကို အကြံဉာဏ်ပေးဖို့အတွက် သမ္မတအတွက် သူတို့ တနှစ်တခါထုတ်တာ၊ နှစ်ပါတီစလုံး ရီပတ်ဘလစ်ကန်လည်းပါတယ်၊ ဒီမိုကရက်လည်းပါတယ်၊ လွတ်လပ်တယ်၊ ခင်ဗျားတို့ ဒီလိုဥပဒေပြုသင့်ပါတယ်၊ အုပ်ချုပ်ရေးပိုင်းက ပေါ်လစီချသင့်ပါတယ်ဆိုတာ အဲ့ဒါကို အကြံဉာဏ်ပေးတဲ့အဖွဲ့ပေါ့နော်။ NUG နဲ့ ERO တွေနဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ ပိုပြီးတော့ လက်တွဲလုပ်ဖို့ အရင်တုန်းက အကန့်အသတ်လို ဖြစ်နေတာပေါ့နော်။ ရိုဟင်ဂျာတွေကို အခုချက်ချင်းနေရာ ပြန်မချထားပေးရင် ဒီလူတွေနဲ့ မဆက်သွယ်ပါနဲ့ဆိုတာမျိုးတားထားတာမျိုး ဖြစ်တယ်၊ အဲ့ဒါကို ဖြုတ်လိုက်တာပေါ့နော်။ သူတို့ အခု နားလည်လာတယ်လေ၊ အဲ့ဒါက သိပ်ပြီးလက်တွေ့မကျဘူးဆိုတာလေ။”

USCIRF ရဲ့ အစီအရင်ခံစာဟာ နိုင်ငံတကာမှာဖြစ်ပျက်နေတဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အခြေအနေတွေကို နိုင်ငံအလိုက်ဖော်ပြတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့အခြေအနေတွေဟာလည်း အစိတ်အပိုင်း တခုအဖြစ် ပါဝင်ပါတယ်။

အစီအရင်ခံစာမှာ ကွန်ဂရက်လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို မြှင့်တင်ပေးမဲ့ BRAVE Burma Act နဲ့ Burma GAP Act ဥပဒေကြမ်းတွေကို ထောက်ခံပံ့ပိုးဖို့၊ စစ်ကောင်စီက သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တာဝန်မခံဘဲရှောင်ရှားဖို့ အမေရိကန်အခြေစိုက်လော်ဘီကုမ္ပဏီတွေကို ငှားရမ်းအသုံးချနေတာကို တားမြစ်တဲ့ ဥပဒေကြမ်း တွေ တင်သွင်းပြီး စစ်ကောင်စီကို ကန့်သတ်ဖို့ စတဲ့အချက်တွေ တိုက်တွန်းထားပါတယ်။

အဲဒါအပြင် မြန်မာနိုင်ငံကို ယာယီကာကွယ်မှုအခြေအနေ TPS အဖြစ်ကနေ ရပ်ဆိုင်းထားတာကို လည်း သက်တမ်းတိုးပေးဖို့ USCIRF က တိုက်တွန်းထားပါတယ်။

မြန်မာ့ဒီမိုကစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “လူသတ်နေတဲ့ အာဏာရှင်တွေ ပေါ့နော်။ ဝါရှင်တန်မှာ ကုမ္ပဏီကြီးတွေကို အသုံးချပြီးတော့ လော်ဘီလုပ်ခွင့် မပေးတော့ဖို့ပေါ့။ ဥပဒေကြမ်းတွေ တင်သွင်းပြီးတော့ အတည်ပြုချမှတ်ဖို့တွေ၊ ဒါတွေဟာ တော်တော်လေးကို တော်လှန်ရေး အင်အားစုတွေအတွက် အားတွေဖြစ်တယ်။ သို့သော်လည်းပဲ ကျမတို့က ဒီနေရာမှာပဲ ရပ်နေလို့တော့မရဘူး၊ ဆက်လက်ပြီးတော့ အဆင့်ဆင့်ကြိုးစားပြီးတော့ ဘာသာပေါင်းစုံက တွန်းသွားရမှာဖြစ်တယ်ပေါ့နော်” လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာ စစ်ကောင်စီက ဘာသာရေးနဲ့ဆက်စပ်နေတဲ့ နေရာ ၃၇၉ ခု တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး သာသနာ့ဝန်ထမ်းနဲ့ အရပ်သား ၂၉၅ ယောက် သေဆုံးခဲ့တယ်လို့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

ပြည်တွင်းမှာ နေရပ်စွန့်ခွာရွှေ့ပြောင်းသူ ၂ သန်းခွဲကျော်ဟာ ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ရိုဟင်ဂျာအများအပြားကို စစ်ကောင်စီက တိုက်ပွဲတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013