
အမေရိကန်ရေငုပ်သင်္ဘောတစင်းက သီရိလင်္ကာနိုင်ငံ တောင်ပိုင်းကမ်းလွန်မှာ အီရန်စစ်သင်္ဘော အိုင်းရက်စ်ဒီနာကို နှစ်မြှုပ်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဇက်က မတ် ၄ ရက်မှာ ပြောပါတယ်။
ဒီတိုက်ခိုက်မှုက အီရန်ရေတပ်ကို အမေရိကန်အစိုးရက လိုက်ရှာတိုက်ခိုက်တဲ့ စစ်ခွင်ကို သိသိသာသာ ကျယ်ပြန့်စေခဲ့တာပါ။
မနက်အစောပိုင်းမှာ အရေးပေါ်ဖုန်းခေါ်ဆိုမှုကို တုံ့ပြန်ခဲ့တဲ့ စစ်ဘက်ကယ်ဆယ်ရေးသမားတွေက အလောင်း ၈၇ လောင်းကို သယ်ဆောင်လာခဲ့တယ်လို့ သီရိလင်္ကာဆိပ်ကမ်းမြို့ ဂါလီက ဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။
နှစ်မြှုပ်ခံ အီရန်စစ်သင်္ဘောပေါ်က နောက်ထပ် ၃၂ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံမှာ ကုသပေးနေပါတယ်။
သင်္ဘောပေါ်မှာ ခန့်မှန်းခြေလူ ၁၈၀ လောက်ပါတယ်လို့ သင်္ဘောစာရွက်စာတမ်းတွေက ဖော်ပြထားပြီး လူ ၆၀ လောက် ပျောက်နေသေးတယ်လို့ သီရိလင်္ကာအာဏာပိုင်တွေက ပြောပါတယ်။
ဒီ အီရန်သင်္ဘောဟာ ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၅ ရက်အထိ ဘင်္ဂလားပင်လယ်အော်မှာ ကျင်းပတဲ့ ရေတပ်လေ့ကျင့်ခန်းမှာ ပါဝင်လေ့ကျင့်ခဲ့တယ်လို့ လေ့ကျင့်ခန်း ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


