
အမေရိကန်အစိုးရရဲ့ ရွှေ့ပြောင်းနှိမ်နင်းရေးကို ဦးဆောင်ခဲ့တဲ့ အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီးနုမ်း ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖယ်ရှားလိုက်ပါတယ်။
ICE လို့ ထင်ရှားတဲ့ ရွှေ့ပြောင်းနဲ့ အကောက်ခွန်ဦးစီးဌာနဟာ အမိမြေလုံခြုံရေးဝန်ကြီးဌာနအောက်က ဖြစ်ပါတယ်။
သူ့နေရာမှာ အိုကလာဟိုးမားပြည်နယ်က ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် မာ့ခ်ကွိန်း မူလင်နဲ့ အစားထိုးခန့်အပ်မှာ ဖြစ်ပါတယ်။
ဝန်ကြီးဟောင်း နုမ်း ကိုတော့ ‘အမေရိကန်တိုက်ကြီးများ၏ ဒိုင်းလွှား’ (Shield of the Americas) အဖွဲ့ အထူးကိုယ်စားလှယ်အဖြစ် ထရမ့်ပ်က ပြောင်းလဲခန့်အပ်လိုက်ပါတယ်။
ဒီအဖွဲ့ဟာ အနောက်ကမ္ဘာခြမ်း လုံခြုံရေးကို ကာကွယ်ပေးမဲ့ လှုပ်ရှားမှုအသစ်ဖြစ်ပြီး သမ္မတ ထရမ့်ပ် အနေနဲ့ ဒီသီတင်းပတ်ကုန်မှာ တရားဝင်ကြေညာဖို့ ရှိနေပါတယ်။
နုမ်းဟာ မင်နီယာပိုလစ်မြို့မှာ ဖက်ဒရယ်အေးဂျင့်တွေရဲ့ ပစ်ခတ်မှုကြောင့် နိုင်ငံသား ၂ ယောက် သေဆုံးခဲ့ရတဲ့အပေါ် “ပြည်တွင်းအကြမ်းဖက်သမားတွေ” လို့ သုံးနှုန်းခဲ့လို့ အကြီးအကျယ် ဖိအားပေးခံခဲ့ရတာပါ။
ဒါ့အပြင် အကြံပေးအရာရှိ ကိုရီ လီဝန်ဒေါစကီးနဲ့ ဖောက်ပြန်မှု၊ ကိုယ်ပိုင်ကြော်ငြာနဲ့ ဇိမ်ခံလေယာဉ်တွေအတွက် ငွေကြေးသုံးစွဲမှုတွေကြောင့်လည်း ဆက်တိုက် ဝေဖန်ခံနေရပါတယ်။
ဒီဖြစ်စဉ်တွေအပြီးမှာတော့ အကြံပေး လီဝန်ဒေါစကီးလည်း မတ် ၃ ရက်က ရာထူးကနေ ထွက်ခွာသွားခဲ့ပါတယ်။


