Home
မြန်မာသတင်း
အကြမ်းဖက်မှုများရပ်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ရန် ဂျပန်အစိုးရတောင်းဆို 
DVB
·
March 6, 2026
Photo: MOFA-JAPAN

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက ဆက်လက်တောင်းဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မတ် ၄ ရက် ညနေက မြန်မာ့ဒီမိုကရေစီရေး ထောက်ခံအားပေးတဲ့ လွှတ်တော်အမတ်များသမဂ္ဂက တာဝန်ရှိသူတွေနဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံစဉ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ကူနီမစ်ဆုအယာနိုက ပြောကြားလိုက်တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တွေ့ဆုံပွဲကို မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ လွှတ်တော်အမတ်များသမဂ္ဂ အကြံပေး ဖူကူရှီးမာမိဇုဟို၊ အတွင်းရေးမှူးချုပ် မိယာဂျီတာကုမာ၊ အတွင်းရေးမှူး ယာမာဇိုးအေ တာခု၊ အထွေထွေအတွင်းရေးမှူး အီရှီဘာရှီ မိချိဟီရို၊ လက်ထောက်အထွေထွေအတွင်းရေးမှူး ရှီအိုမူရာ အယာကာ၊ လက်ထောက်အထွေထွေအတွင်းရေးမှူး တာမူရာမာမိတို့အပြင် ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားကိုယ်စားလှယ်တွေက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ အခြေအနေတွေနဲ့ လက်ရှိအခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

မြန်မာကိုယ်စားလှယ်တွေရဲ့ တောင်းဆိုတင်ပြမှုတွေနဲ့ ပတ်သက်လို့ ဒုတိယဝန်ကြီး  ကူနီမစ်ဆုအယာနိုက ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို လွှတ်ပေးဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အကြမ်းဖက်မှုတွေ ရပ်တန့်စေဖို့အတွက် အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေဖို့ ရည်ရွယ်ကာ ဂျပန်အစိုးရအနေနဲ့ ဆက်လက်တိုးမြှင့် ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့လည်း အမြင်ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်တဲ့ ကိုသန့်ဇော်ထက်က “ဒုတိယဝန်ကြီးက အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့သွားမဲ့ ဂျပန်နိုင်ငံရဲ့ မူဝါဒမှာ ပြောင်းလဲခြင်း မရှိကြောင်းနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေမဲ့ လူသားချင်းစာနာမှု အကူအညီတွေကို မြန်မာပြည်သူတွေထံသို့ တိုက်ရိုက်ရောက်ရှိ အကျိုးခံစားခွင့်ရစေဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကတိပြုပြောကြားခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ  မြန်မာနိုင်ငံသားတွေရဲ့ တောင်းဆိုချက် ၈ ချက်ပါတဲ့ တောင်းဆိုစာကို ဂျပန်အစိုးရထံ ပေးအပ်နိုင်ခဲ့ပါတယ်။ အဆိုပါတောင်းဆိုစာကလည်း ဂျပန်လွှတ်တော်အမတ်တွေ သဘောတူ ထောက်ခံထားတာလို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူ ကိုမျိုးမင်းဆွေက ပြောပါတယ်။

အဆိုပါတောင်းဆိုချက် ၈ ချက်ထဲမှာ NUG အမျိုးသားညီညွတ်ရေးအစိုးကို အသိအမှတ်ပြုဖို့၊ နိုင်ငံတော်​၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် မတရား ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့၊ ဂျပန်အစိုးရရဲ့ တောင်းဆိုမှုကို အကောင်အထည်မဖော်ဘဲ ဆက်လက်အကြမ်းဖက်နေတဲ့ စစ်အုပ်စုကို ဖိအားပေး အရေးယူ ဆောင်ရွက်ပေးဖို့၊ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာမဲ့ အစိုးရအတုအယောင်ကို အသိအမှတ်မပြုဖို့နဲ့ အသိအမှတ်မပြုကြောင်း အတိအလင်း ကြေညာပေးဖို့တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးကို စိတ်ဝင်တစားရှိပြီး မြန်မာပြည်သူတွေကို ကူညီပေးလို့ အထူးကျေးဇူးတင်ရှိကြောင်း ဂျပန်ဒုဝန်ကြီးကို ဆွေးနွေးပွဲတက်ရောက်ခဲ့သူတွေက ပြောကြားခဲ့ပါတယ်။

ဇော်ဇော်လှိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013