
အာဏာသိမ်းစစ်တပ်က မတ် ၂ ရက်မှာ နိုင်ငံရေးအကျဉ်းသားထောင်ချီ ပါဝင်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်ပေမဲ့ တဖက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သားအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကို ချန်လှပ်ထားခဲ့ပါတယ်။
စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ ပုဒ်မ ၅၂(က) အရ စွဲဆိုပြစ်ဒဏ်ချထားတဲ့ နိုင်ငံရေးအကျဉ်းသား ၇,၃၀၀ ကျော်ကို မတ် ၂ ရက် တပေါင်းလပြည့်နေ့မှာ လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ ပုဒ်မ ၅၂(က) အရ တရားစွဲဆိုခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့သူ ၁၂,၄၈၇ ယောက်ရဲ့ တရားရုံး ကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉,၅၃၂ မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပိတ်သိမ်းတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။
ဒါပေမဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ပုဒ်မတွေ အပါအဝင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စွဲဆိုထားတဲ့ ပုဒ်မအများစုကို ချန်လှပ်ထားဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီ ဒီတခေါက် လုပ်ဆောင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ အစိုးရသစ်တရပ် မတိုင်ခင် နိုင်ငံတကာကို ပြုပြင်ပြောင်းလဲရေးတွေ စနေပြီလို့ သတင်းစကား ပါးချင်တာကြောင့် လွှတ်ပေးတာ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က “ဒီရက်ကို ဘာလို့ ရွေးလဲဆိုတော့ သူ့ထက်ပိုကောင်းတဲ့ တပ်မတော်နေ့တို့၊ မြန်မာနှစ်သစ်ကူးနေ့တို့ အများကြီး ရှိပါတယ်။ အဲဒီရက်တွေ ရှေ့မှာ ကြိုလုပ်ရတာကတော့ နိုင်ငံတကာကို ပြုပြင်ပြောင်းလဲရေးတွေ စနေပြီလို့ သတင်းစကားပါးချင်တဲ့ ရည်ရွယ်ချက်က အဓိကလို့ ကျနော် ပြောချင်ပါတယ်။ အနည်းဆုံးတော့ လာမဲ့ အစိုးရသစ်ဖွဲ့ပြီးမှ လွှတ်တယ်ဆိုရင်တောင် သူတို့ အချိန်ပိုရပါလိမ့်မယ်။ အခုကတော့ သူတို့မှာ အလျင်အမြန်လွှတ်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ကျနော် သုံးသပ်ပါတယ်။ ဒါပေမဲ့ နိုင်ငံသားတွေ ယနေ့ ခံစားနေရတဲ့ အင်မတန်ကြီးမားတဲ့ ဘေးဒုက္ခက လွတ်ဖို့အတွက်တော့ ဒီထက်ကြီးမားတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမျိုး လိုပါတယ်။ အဲဒါကလည်း သာမန် အပေါ်ယံ မဟုတ်ဘဲ နိုင်ငံနဲ့ လူမျိုးအတွက်၊ မိမိတို့ကိုယ်တိုင်ရဲ့ မိမိရဲ့အဖွဲ့အစည်း အကျိုးစီးပွားကို စွန့်လွှတ်ပြီးမှ လုပ်ဆောင်နိုင်မယ်လို့ ကျနော်တို့က မြင်ပါတယ်” လို့ ပြောပါတယ်။
မတ် ၃ ရက် နေ့လယ်ပိုင်းအထိ နိုင်ငံတဝန်း အကျဉ်းထောင် ၃၁ ခုကနေ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃,၆၀၀ ကျော် လွတ်မြောက်လာပြီလို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
အကျဉ်းထောင်အသီးသီးမှာ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က) နဲ့ ဖမ်းဆီးခံထားရသူတွေ လွတ်ငြိမ်းစာရင်းမှာ နာမည်ပါပေမဲ့ မတ် ၃ ရက် နေ့လယ်ပိုင်းအထိ မလွတ်လာသေးကြောင်း PPNM က ထုတ်ပြန်ပါတယ်။
ဒိုက်ဦးအကျဉ်းထောင်မှာ လွတ်ရမဲ့သူ ၂၅၀ ဝန်းကျင် ရှိပေမဲ့လည်း လက်ရှိအချိန်ထိ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၀၀ ကျော် လွှတ်ပေးတာမရှိဘဲ ဆက်လက် အကျဉ်းချထားဆဲလို့ ဆိုပါတယ်။
PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဟာ မြန်မာသာမက ကမ္ဘာကပါ စိတ်ဝင်စားတဲ့ကိစ္စ ဖြစ်တယ်။ ဒီစိတ်ဝင်စားမှုကို နိုင်ငံရေးအရ အမြတ်ထုတ်ဖို့အတွက် သူတို့ မတရားဖမ်းဆီးထားတဲ့ လူတွေကို အရေအတွက်တခု လွှတ်ပေးတယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။ တကယ့် လိုအပ်နေတဲ့ ပုဒ်မများစွာ ကပ်ခံထားရသူတွေ အများကြီးရှိသေးတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အများကြီး ကျန်နေတာ ဖြစ်တဲ့အတွက် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့အတူ မိဘပြည်သူတွေ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာဖို့ အတူတကွ ဆက်လက် တိုက်ပွဲဝင် တောင်းဆိုကြရမှာ ဖြစ်တယ်လို့ပဲ သတင်းစကား ပါးချင်ပါတယ်” လို့ ပြောပါတယ်။
ဒိုက်ဦးထောင်၊ မြင်းခြံထောင်၊ ပေါင်းတည်ထောင်၊ မအူပင်ထောင်၊ အိုးဘိုထောင်၊ အင်းစိန်ထောင်နဲ့ အကျဉ်းထောင်အများစုမှာ ၅၀(ည)၊ ၅၂(က) နဲ့ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်လာတာ မရှိသေးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ ချက်ချင်းလွှတ်ပေးဖို့နဲ့ တခြား နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ PPNM အဖွဲ့က တောင်းဆိုထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ်ကလည်း သူ့ရဲ့ နော်ဝေနိုင်ငံ ခရီးစဉ်အတွင်း နော်ဝေဝန်ကြီးချုပ်ဟောင်း ရှဲလ်မန်းနဲဘွန်းဒဲဗစ်နဲ့ အော်စလိုမြို့မှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအရေးနဲ့ မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဇွဲသစ်


