
တနင်္သာရီတိုင်း ထားဝယ်နည်းပညာတက္ကသိုလ်ရှေ့မှာ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန် ပါတယ်။
မတ် ၁ ရက် မနက် ၆ နာရီဝန်းကျင်လောက်မှာ ဒူရကစစ်ကြောင်းက စစ်ကောင်စီတပ်ကို အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
ဒူရကစစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူက “စကစဘက်က ထားဝယ်နည်းပညာတက္ကသိုလ်ထဲမှာ အင်အား ၃၀ လောက်ရှိတယ်။ လမ်းဘေးမှာ ပိုက်ဆံထွက်ကောက်တာက တပ်စိတ်တစိတ်လောက် ရှိတယ်။ ကျနော်တို့က လမ်းဘေးမှာကောက်နေတဲ့ စကစတပ်ဖွဲ့ကို ပစ်ပြီး လက်နက်တွေ သိမ်းလာတာပါ” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က တပ်သား ၃ ယောက် သေဆုံးပြီး MA1 ၂ လက်၊ G3 တလက်၊ လက်ပစ်ဗုံး တလုံး၊ G3 ကျည် အတောင့် ၁,၀၀၀၊ MA ကျည် အတောင့် ၁၀၀ နဲ့ MA ကျည်ဘောက် ၅ ဘောက်တို့ကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ဒူရကစစ်ကြောင်းဟာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ စစ်ကြောင်းတခု ဖြစ်ပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီက အချိန်မရွေး လေကြောင်းအသုံးပြု တိုက်ခိုက် နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို လိုက်နာဖို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။


