
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က မွတ်စလင်ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ဒေသခံ အယောက် ၅၀ နီးပါးကို အာရက္ခတပ်တော် (AA) နဲ့ ဆက်သွယ်မှုရှိတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံမွတ်စလင်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်ရှိ မွတ်စလင်ကျေးရွာ ၉ ရွာက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ရွာသား ၅၀ နီးပါးကို ဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီရဲ့ စရဖနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေတပ်ပြီး တရားစွဲဆိုထားတာတွေ ရှိတယ်လို့ စစ်တွေမြို့ခံ မွတ်စလင်အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တွေမြို့နယ်အတွင်းက မွတ်စလင်လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာ ၉ ရွာက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အပါအဝင် အရပ်သား ၅၀ နီးပါးကို AA နဲ့ ဆက်သွယ်တယ်၊ AA ကို သတင်းပေးတယ် ဆိုပြီးတော့ စစ်တပ်က ဖမ်းဆီးထားတာရှိတယ်။ အခုဖမ်းဆီးခံရသူထဲက သာမန် လုပ်ကိုင်စားသောက်နေကြတဲ့သူတွေ ဖြစ်ကြတယ်။ ဖမ်းခံထားရတဲ့သူတွေထဲက အများစုကို မတရားအသင်းဆက်သွယ်မှုနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ တယောက်ချင်းစီကို ဘယ်ပုဒ်မနဲ့ စွဲဆိုတာတော့ ကျနော်တို့လည်း အတိအကျ မသိရသေးဘူး။”
ဖေဖော်ဝါရီအတွင်းက စစ်ကောင်စီထံ ဖမ်းဆီးခံထားရသူတွေမှာ ဖေဖော်ဝါရီ ၆ ရက်နဲ့ ၈ ရက်တို့က စစ်တွေမြို့နယ်၊ ဘုမေ မွတ်စလင်ကျေးရွာ အုပ်ချုပ်ရေးမှူး ရှော်ဘီအပါအဝင် သဲချောင်း၊ ဒါးပိုင်ရွာဟောင်း၊ လက်သမား၊ ဆာမညှာ စတဲ့ ကျေးရွာ ၅ ရွာက ရပ်ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူတချို့နဲ့ ဒေသခံ ၃၂ ယောက်ကို စစ်ကောင်စီရဲ့ စရဖနဲ့ အမှတ် ၃၆ ရဲတပ်ရင်းက တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၀ ရက်မှာလည်း သဲချောင်း လက်သမား (မွတ်စလင်) ကျေးရွာက ရာအိမ်မှူး အီဆမိုင်နဲ့ သံတော်လီကျေးရွာက ရာအိမ်မှူးတွေဖြစ်တဲ့ အောလ်ဇော်အာမာလ်၊ နိုရိုလုဒ်၊ ဆောန်ဒုလ်အာမိလ်၊ ဆာဒတ်ဟူ ဆောန်နဲ့ ဝါဆလံဂိုရိမ်တို့ အပါအဝင် စုစုပေါင်း ၁၃ ယောက်ကိုလည်း အမှတ် ၃၆ ရဲတပ်ရင်းက ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီးသွားတယ်လို့ မွတ်စလင်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်က မွတ်စလင်ကျေးရွာတွေဟာ စစ်ကောင်စီရဲ့ ပိတ်ဆို့ထားခြင်းကို ခံထားရတာဟာ ဆယ်စုနှစ်တခုကျော်အထိ ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပါဝင်ပတ်သက်တာတွေ မရှိဘူးလို့ နောက်ထပ် မွတ်စလင်လူငယ်အမျိုးသားတယောက်က ထပ်ပြောပါတယ်။
“စစ်တွေရှိတဲ့ မွတ်စလင်ရွာတွေဟာ စစ်ကောင်စီရဲ့ ပိတ်ဆို့ထားမှုအောက်မှာ နေကြရတာ ဆယ်စုနှစ် တခုကျော်ရှိပြီ။ လက်ရှိ ရခိုင်ပြည်တွင်း ဖြစ်နေတဲ့ တိုက်ပွဲတွေမှာလည်း ပါဝင်ပတ်သက်တာ မရှိဘူး။ ရခိုင်မှာ တိုက်ပွဲဖြစ်တော့ ရခိုင်လူမျိုးတွေ စစ်ရှောင်လို့ရပေမဲ့ မွတ်စလင်တွေ ရှောင်စရာနေရာမရှိသလို ရှောင်ဖို့ အခွင့်အရေးလည်း မရှိဘူး။ အခုလို အခြေအနေမှာ စစ်ကောင်စီက AA နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးတာဟာ သီးသန့် ဖိနှိပ်မှုလုပ်တာ။”
ဇန်နဝါရီလကုန်ပိုင်းကလည်း စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ကျေးရွာ တာဝန်ခံနဲ့ ဖွေရာကုန်းကျေးရွာက ဒေသခံ ၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးတော့ တချို့မှာလည်း ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီဟာ စစ်တွေမြို့နယ်က ရခိုင်ကျေးရွာတွေကို ရွာကနှင်ထုတ်ပြီး စစ်တွေမြို့တွင်းမှာ စစ်ရှောင်အဖြစ် အတင်းဖိအားပေး ရွှေ့ပြောင်းခဲ့ကာ မွတ်စလင်ကျေးရွာတွေကိုတော့ ပုံမှန်အတိုင်း ထားခဲ့ပါတယ်။
ဒါပေမဲ့ မွတ်စလင်ကျေးရွာတွေက မွတ်စလင်တွေဟာ စစ်တွေမြို့တွင်းကို သွားလာခွင့် တင်းကျပ်ထားပြီးတော့ သွားလာရင်လည်း ဂိတ်တွေမှာ ငွေအဆမတန်ညှစ်တာတွေ ရှိတယ်လို့ ဒေသခံ မွတ်စလင်တွေက ပြောပါတယ်။
လက်ရှိ စစ်တွေမြို့နယ်အတွင်းမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ်က အရပ်သားကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်နေပါတယ်။


