Home
မြန်မာသတင်း
အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် အလုပ်သွားလုပ်ကြမည့် မြန်မာများအခက်ကြုံ 
DVB
·
March 4, 2026

အစ္စရေး-အမေရိကန်နဲ့ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံတွေက လေပိုင်နက်တွေ ပိတ်ထားပြီး လေယာဉ်ခရီးစဉ် ထောင်နဲ့ချီကို ဖျက်သိမ်းထားတဲ့အတွက် မြန်မာနိုင်ငံကနေ အရှေ့အလယ်ပိုင်းကို သွားရောက် အလုပ်လုပ်ကိုင်မယ့်သူတွေ သွားရောက်ဖို့ ရက်ရွှေ့ဆိုင်း နေရပါတယ်။

အစ္စရေး-အမေရိကန်နဲ့ အီရန်တို့ရဲ့ စစ်ရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံကနေ အရှေ့အလယ်ပိုင်းနိုင်ငံ တွေကို သွားရောက် အလုပ်လုပ်ကိုင်မဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ စစ်ပွဲရက်ရှည်လာရင် နိုင်ငံ ပြင်ပထွက်လို့ အဆင်မပြေမှာကို စိုးရိမ်နေရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကစလို့ အစ္စရေး-အမေရိကန်နဲ့ အီရန်တို့ရဲ့ စစ်ရေးပဋိပက္ခကြောင့် အမေရိကန် တပ်စခန်းတွေရှိတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက စစ်ဒဏ်ကို ခံစားနေရပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ဘာရိန်း၊ ယူအေအီး၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ ဂျော်ဒန် စတဲ့ နိုင်ငံတွေမှာ မြန်မာနိုင်ငံသား အမြောက်အမြား အလုပ်လုပ်ကိုင်နေကြပြီး ပြည်တွင်းက လူငယ် အများစုဟာလည်း အဲဒီနိုင်ငံတွေကို ထွက်ဖို့ ပြင်ဆင်နေကြသူတွေ ရှိပါတယ်။

လက်ရှိမှာတော့ အဲဒီလူတွေအတွက် လေယာဉ်လက်မှတ် ရက်ရွှေ့ဆိုင်းထားလို့ သွားဖို့ ကြန့်ကြာ နေပြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေဘက်က ဝင်ရောက်ခွင့် တင်းကျပ်မှာကို စိုးရိမ်နေတယ်လို့ UAE ကို သွားရောက်မဲ့သူတယောက်က ပြောပါတယ်။

“အေဂျင်စီကို ပိုက်ဆံတော့ ပေးထားရတာပေါ့လေ။ လေယာဉ်လက်မှတ်နဲ့ Visa ကတော့ ကိုယ့်ကို ခန့်တဲ့ ဟိုတယ်ဘက်က စီစဉ်ပေးတာဆိုတော့ ပိုက်ဆံတော့ မဆုံးဘူးပေါ့နော်။ ဟိုတယ်ဘက်က ရက်ချိန်းပြီးတော့ လေကြောင်းလိုင်းတွေ ပြန်ဖွင့်မဲ့အချိန်ကျရင် ပြန်စီစဉ်ပေးမယ်တော့ ပြောထား တယ်။ အခြေအနေက ဘယ်တော့ငြိမ်ပြီး ဘယ်အချိန်ထွက်ရမလဲ ဆိုတာတော့ အတိအကျ မသိရ သေးဘူးပေါ့။”

UAE အစိုးရဘက်ကတော့ နိုင်ငံတွင်းမှာ ရှိနေသူတွေကို လုံခြုံရေးနဲ့ နေထိုင်ရေးအတွက် သေချာ စီစဉ်ပေးထားပေမဲ့ ထပ်ရောက်ရှိလာမဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ဗီဇာတင်းကျပ်တာတွေ လည်း လုပ်လာနိုင်တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက သုံးသပ်ကြပါတယ်။

ဒါကြောင့် အခုလိုအခြေအနေမှာ တနိုင်ငံနဲ့တနိုင်ငံ စွန့်စားပြီး အကူးအသန်းမလုပ်ကြဖို့ UAE မှာ နေထိုင်သူတယောက်က ပြောပါတယ်။

“လောလောလတ်လတ် ဖြစ်သွားတဲ့ အခြေအနေဆိုတော့လေ၊ တချို့ကျတော့လည်း လေဆိပ်ထဲမှာ ပိတ်မိနေတာတွေရှိတယ်၊ တချို့ကျတော့လည်း Plan လုပ်ထားတာပေါ့လေ၊ ဘယ်လိုပဲ Plan လုပ်ထား လုပ်ထား လေကြောင်းလိုင်းက ပိတ်ထားတာဖြစ်တဲ့အတွက် free of charge နဲ့ လက်မှတ်တွေကို cancellation ပြန်လုပ်ပေးတာတွေလည်း ရှိတယ်လေနော်။ အဲဒီလိုမျိုးဆိုတော့ ဘယ်လိုမှကို ဒါ မြန်မာပြည်ကပဲ ဒူဘိုင်းကို လာချင်လာချင် ဒူဘိုင်းထဲကပဲ ဘယ်ကိုပဲ သွားချင် သွားချင် လေယာဉ်ကွင်းက လုံးဝပိတ်ထားတာဖြစ်တဲ့အတွက် ဒီလိုအခြေအနေမျိုးမှာ risk ယူပြီး ဘယ်ကိုမှ သွားဖို့မဆုံးဖြတ်တာ အကောင်းဆုံးပဲ။”

စစ်ရေးကြောင့် ဖျက်သိမ်းထားတဲ့ လေယာဉ်ခရီးစဉ်တွေကိုတော့ လေကြောင်းလိုင်းတွေဘက်က နေ့အလိုက် အစားထိုး ပြန်စီစဉ်ပေးထားတယ်လို့ ခရီးသွားလုပ်ငန်းတွေက ပြောပါတယ်။

ယူအေအီးက လေဆိပ်တွေကိုတော့ မတ် ၄ ရက်အထိ ဆိုင်းငံ့ထားပြီး မတ် ၅ ရက်မှာတော့ လေဆိပ်တွေမှာ သောင်တင်နေတဲ့ ခရီးသည်တွေကို ပြန်ပို့ပေးတဲ့ခရီးစဉ်တွေ ပြန်စတင်မယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အခြေအနေ မတည်ငြိမ်သေးတဲ့အတွက် မြန်မာနိုင်ငံကနေ ယူအေအီးကို ထွက်လာမဲ့ အလုပ်သမားတွေအနေနဲ့ လာချင်ရင်တောင် လာလို့မရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဒူဘိုင်းရှိ ခရီးသွားအေဂျင်စီ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“မြန်မာကနေ ဒီဘက်ကိုလာမဲ့ အလုပ်သမားတွေအနေနဲ့ ခုလက်ရှိအခြေအနေကတော့ လာချင်ရင်တောင် လာလို့မရတဲ့ အခြေအနေဖြစ်နေတယ်။ လေယာဉ်တွေ ပိတ်ထားတော့ နောက်တပတ်အတွင်းလောက်တော့ လေကြောင်းလိုင်းတွေ ပြန်ဖွင့်ရင်‌တော့ လာလို့ အဆင်ပြေမယ်၊ လာလို့ရနိုင်လောက်မယ်။ ဆက်ဖြစ်မဲ့ အခြေအနေတွေကတော့ နိုင်ငံရဲ့ ဦးသျှောင်တွေ အပေါ်မှာပဲ မူတည်လိမ့်မယ်။ စိန်ခေါ်မှုအနေနဲ့ကတော့ လာမယ်ဆိုရင်တောင် လာလို့မရတဲ့ အနေအထား တခု ဖြစ်နေတယ်။”

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ‌ ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသား ၃ သိန်းဝန်းကျင်ရှိပြီး အဲဒီနိုင်ငံတွေကို သွားဖို့ ပြင်ဆင်နေသူတွေလည်း အများအပြားရှိပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013