Home
နိုင်ငံတကာ
အီရန်မြို့တော်ရှိ ရေနံချက်စက်ရုံ တိုက်ခိုက်ခံရပြီးနောက် မီးအကြီးအကျယ်လောင်
DVB
·
March 8, 2026
Photo: Reuters

အီရန်စစ်ပွဲ ၈ ရက်မြောက်နေ့ အီရန်နဲ့ အစ္စရေးစစ်တပ်တို့ ဆက်ပြီး အပြန်အလှန် တိုက်ခိုက်နေကြတာမှာ မြို့တော်တီဟီရန်က ရှာရန် ရေနံချက်စက်ရုံ တိုက်ခိုက်ခံရပြီးတဲ့နောက် မတ်လ ၈ ရက်အစောပိုင်းမှာ မြို့တော်တဝန်းမှာ အကြီးအကျယ် မီးလောင်နေလို့ ကောင်းကင်ယံမှာ မီးခိုးတွေနဲ့ မီးတောက်တွေကို မြင်တွေ့ရပါတယ်။

မတ် ၇ ရက်အစောပိုင်းမှာ တီဟီရန်မြို့တော် အနောက်ဘက်ရှိ ကာရာ့ဂျ်အပါအဝင် နေရာ ၃ နေရာမှာ လောင်စာဆီဂိုဒေါင်တွေ တိုက်ခိုက်ခံရတယ်လို့ အီရန်ရေနံဝန်ကြီးဌာနရဲ့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး ဒေသခံသတင်းဌာနတွေက ဖော်ပြပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ဆက်တိုက်ခိုက်နေပြီး တီဟီရန်မြို့တော်က ရေနံသိုလှောင်ရုံတွေနဲ့ ရေနံချက်စက်ရုံတွေကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တာပါ။

အီရန်ထိပ်တန်းအရာရှိ အလီ လာရီဂျာနီက “အမေရိကန်ဟာ စစ်ပွဲဆင်နွှဲခြင်းအတွက် ပေးဆပ်ရမယ်၊ ရည်မှန်းချက်တွေ အောင်မြင်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်အပေါ် ပိုတိုးပြီး တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ အမေရိကန်စစ်သားတွေကို ဂုဏ်ပြုခဲ့ပါတယ်။

ကာတာ၊ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့က အီရန်ရဲ့ နောက်တိုး တိုက်ခိုက်မှု တွေကို သတင်းပို့ခဲ့ပြီး အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အိမ်နီးချင်းနိုင်ငံတွေကို တောင်းပန်ခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာ အခြေစိုက်လှုပ်ရှားနေတဲ့ အစ္စရေးနဲ့ အမေရိကန် စခန်းတွေကို တိုက်ခိုက်တာတွေ ရပ်မယ်လို့ အာမခံချက် ပေးခဲ့ပေမဲ့ အီရန်က ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ထပ်တိုး တိုက်ခိုက်နေတာတွေကို မီဒီယာတွေက သတင်းပို့ခဲ့ပါတယ်။

အီရန်ပဋိပက္ခမှာ ကနဦးကိန်းဂဏန်းတွေအရ အီရန်မှာ လူ ၁၃၃၂ ယောက်၊ အစ္စရေးမှာ အနည်းဆုံး ၁၁ ယောက်၊ အမေရိကန်စစ်သား ၆ ယောက်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေမှာ လူ ၉ ယောက် သေဆုံးခဲ့ပြီးပါပြီ။

အီရန်၊ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေ အတော်များများမှာ ပေါက်ကွဲသံတွေကို ၇ ရက်မြောက်အဖြစ် ဆက်ကြားခဲ့ရပါတယ်။

အမေရိကန်တပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး အီရန်က ပစ်မှတ် ၂,၀၀၀ နီးပါးကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း အမေရိကန်တပ်ဖွဲ့တွေကို ကြီးကြပ်တဲ့ အမေရိကန်ဗဟိုကွပ်ကဲမှု ဌာနချုပ် (CENTCOM) က အင်္ဂါနေ့မှာ ပြောပါတယ်။

အီရန်စစ်တပ် (IRGC) က အမေရိကန်တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ အရှေ့အလယ်ပိုင်းက စခန်း ၂၇ ခုထက်မနည်းအပြင် တဲလ်အဗစ်နဲ့ အစ္စရေးရဲ့ တခြားဒေသတွေက အစ္စရေး စစ်ဘက်အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အီရန်ဟာ စစ်ပွဲရဲ့ ပထမလေးရက်အတွင်း ဒုံးကျည် ၅၀၀ နဲ့ ဒရုန်း ၂၀၀၀ ကို ပစ်လွှတ်ခဲ့တယ်လို့ CENTCOM ရဲ့ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရဒ်ကူးပါးက ပြောပါတယ်။

ခုအချိန်အထိ အီရန်ဟာ ဒေသတွင်း ၉ နိုင်ငံ ဖြစ်တဲ့ ဘာရိန်း၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့ကို တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုအများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပေမဲ့ အီရန်ဒရုန်းတစင်းက ဆိုက်ပရပ်စ်နိုင်ငံက ဗြိတိန်စစ်စခန်းတခုရဲ့ လေယာဉ်ပြေးလမ်းကို ထိမှန်ခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013