
အီရန်အပေါ် အစ္စရေး-အမေရိကန် တိုက်ခိုက်မှုတွေ အရှိန်မြင့်လာချိန်မှာ အရှေ့အလယ်ပိုင်းဒေသမှာ ရေနံ ထုတ်လုပ် ပို့ဆောင်မှုတွေ အနှောင့်အယှက်ဖြစ်လာခဲ့တာကြောင့် ကမ္ဘာ့ရေနံဈေးဟာ တစည်ကို ဒေါ်လာ ၁၁၀ ကျော်အထိ ရောက်လာပြီဖြစ်ပါတယ်။
မတ် ၇ ရက်နဲ့ ၈ ရက်တွေမှာ အီရန်ရဲ့ ရေနံသိုလှောင်ရုံတွေ အပါအဝင် ပစ်မှတ်တွေကို အမေရိကန်နဲ့ အစ္စရေးတို့က လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့သလို ဟော်မုဇ်ရေလက်ကြားမှာ ရေကြောင်းသွားလာမှုတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။
ဒီအခြေအနေတွေကြောင့် မတ် ၉ ရက်က အာရှ-ပစိဖိတ် စတော့ရှယ်ယာဈေးကွက်တွေမှာ ဈေးနှုန်းတွေ သိသိသာသာ ထိုးကျသွားခဲ့ပါတယ်။
အထူးသဖြင့် တောင်ကိုရီးယား Kospi အညွှန်းကိန်းဟာ ၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားတာကြောင့် အရောင်းအဝယ်ကို မိနစ် ၂၀ ကြာ ရပ်နားခဲ့ရပြီး မတ် ၄ ရက်ကလည်း ဒီအညွှန်းကိန်းဟာ ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါသေးတယ်။
အခုလို ရေနံဈေးတက်လာတာဟာ အီရန်ရဲ့ နျူကလီးယားအန္တရာယ်ကို ဖယ်ရှားဖို့အတွက် “ပေးဆပ်ရတဲ့ မဆိုစလောက်တန်ဖိုး” သာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တုံ့ပြန် ပြောဆိုထားပါတယ်။
ဒီဆိုးကျိုးဟာ ကာလတိုသာဖြစ်ပြီး အီရန်ရဲ့ ခြိမ်းခြောက်မှု ပြီးဆုံးသွားရင် ရေနံဈေးတွေ မြန်မြန်ဆန်ဆန် ပြန်ကျသွားမယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ စီးပွားရေးဆိုင်ရာ ပီတာဆန်အင်စတီကျုက ကျွမ်းကျင်သူ အက်ဒ်နန် မာဇာရီ ကတော့ “ဒီကိစ္စက မြန်မြန်ဆန်ဆန် ပြီးဆုံးသွားမှာ မဟုတ်ဘူး ဆိုတာကို လူတွေ သဘောပေါက်လာကြပြီ” လို့ သုံးသပ်ထားပါတယ်။
အမေရိကန်က ချမှတ်ထားတဲ့ ရည်မှန်းချက်တွေနဲ့ အာမခံချက်တွေဟာ ပိုပြီး လက်တွေ့မဆန် ဖြစ်လာတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဟာ မတ်လကုန်အထိ ကြာမြင့်မယ်ဆိုရင် ရေနံတစည်ကို စံချိန်တင် ဒေါ်လာ ၁၅၀ အထက်အထိ ရောက်သွားနိုင်တယ်လို့လည်း လေ့လာသူတချို့က ခန့်မှန်းထားကြပါတယ်။


