Home
နိုင်ငံတကာ
အီရန်အရပ်ဘက်နေရာ ၁၀,၀၀၀ နီးပါးကို အမေရိကန်နှင့် အစ္စရေး ပူးပေါင်းတိုက်ခိုက်
DVB
·
March 11, 2026
Photo: Reuters

လက်ရှိ စစ်ပွဲ ၁၂ ရက်မြောက် ရောက်လာချိန်မှာ အမေရိကန်နဲ့အတူ အစ္စရေးတပ်ဖွဲ့တွေဟာ အီရန်နိုင်ငံထဲက အရပ်ဘက်နေရာပေါင်း ၁၀,၀၀၀ နီးပါးကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

အီရန်မြို့တော် တီဟီရန်မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ဆိုသလို ကြားနေရပြီး အရပ်သား ၁,၃၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

အစ္စရေးစစ်တပ်ဟာ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်ရှိနေတဲ့အပြင် အီရန်ဒုံးကျည်တွေက ဂျေရုဆလင်နဲ့ တဲလ်အဗီမြို့တွေကိုပါ ထိမှန်ခဲ့ပါတယ်။

အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း ကတော့ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ ဒရုန်းစွမ်းရည်ကို ဖျက်ဆီးပစ်ဖို့အတွက် နေရာပေါင်း ၅,၀၀၀ နဲ့အထက်မှာ တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပါတယ်။

ဒါ့အပြင် မတ် ၁၀ ရက်ဟာ အီရန်ကို တိုက်ခိုက်သမျှထဲမှာ “အပြင်းထန်ဆုံးနေ့” ဖြစ်တယ်ဆိုပြီး ကာကွယ်ရေးဝန်ကြီး ပိထိဟက်ဂ်ဆီသ်က ပြောကြားပါတယ်။

တဖက်မှာ အီရန်ရဲ့  တန်ပြန်တိုက်ခိုက်မှုတွေကြောင့် ဘာရိန်း၊ အီရတ်၊ ကူဝိတ်၊ ကာတာ၊ ယူအေအီး နဲ့ ဆော်ဒီနိုင်ငံတွေဘက်က ဒရုန်းနဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ကလည်း အစ္စရေးနဲ့ အမေရိကန် သံအမတ်တွေကို နှင်ထုတ်မဲ့ နိုင်ငံတွေရဲ့ သင်္ဘောသာ ဟော်မုဇ်ရေလက်ကြားမှာ ဖြတ်သန်းခွင့်ရမယ် ဆိုပြီး သတိပေးထားပါတယ်။

တချိန်တည်းမှာ အီရန်ရဲချုပ်ဖြစ်သူက အစိုးရကို ဆန္ဒပြဖို့ စဉ်းစားနေတဲ့သူတိုင်း “ရန်သူနှိမ်နင်းသလိုမျိုး ကိုင်တွယ်ခံရမယ်” ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကတော့ အီရန်ပြည်သူတွေကို ရည်ညွှန်းပြီး “အယာတိုလာ အုပ်ချုပ်မှု ဖယ်ရှားကာ လွတ်လပ်ခွင့် ရယူဖို့အတွက်” X လူမှုကွန်ရက်ပေါ်မှာ တိုက်တွန်းထားပါတယ်။

“အခုလိုမျိုးသာ နောက်ထပ် ၁၀ ရက်လောက် တီဟီရန်ကို ဆက်တိုက်နေမယ်ဆိုရင် ဘာမှကျန်မှာတောင်​ မဟုတ်ဘူး” ဆိုပြီး မြို့ခံတယောက်က ပြောပါတယ်။

ဒါကြောင့် အီရန်ကို ထပ်ပြီး မတိုက်ခိုက်ဘူးဆိုတဲ့ အမေရိကန်ရဲ့ ကတိကဝတ် မရမချင်း ပဋိပက္ခပြီးဆုံးမှာ မဟုတ်ကြောင်း တီဟီရန် အစိုးရဘက်က တုံ့ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013