Home
နိုင်ငံတကာ
အာဖဂန်အပေါ်  အမေရိကန်သတ်မှတ်ချက်က ဝမ်းနည်းစရာကောင်းဟု တာလီဘန်ပြော
DVB
·
March 11, 2026
Photo: MINISTRY OF FOREIGN AFFAIRS (MOFA) HANDOUT

အာဖဂန်နစ္စတန်အစိုးရဟာ မတရားဖမ်းဆီးချုပ်နှောင်မှုတွေကို အားပေးအားမြှောက်ပြုနေတဲ့ အစိုးရဖြစ်တယ်လို့  အမေရိကန်က သတ်မှတ်ဆုံးဖြတ်လိုက်တာဟာ ဝမ်းနည်းစရာကောင်းတယ်လို့ အာဖဂန် တာလီဘန်တွေက  မတ် ၁၀ ရက်မှာ ပြောလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက တနင်္လာနေ့မှာ တာလီဘန်အစိုးရကို “မတရား မှားယွင်းဖမ်းဆီး ချုပ်နှောင်မှုတွေကို အားပေးနေတဲ့အစိုးရ” အဖြစ် သတ်မှတ်ကြောင်း ပြောခဲ့ပြီး မာမွတ်ဟာဘီဘီနဲ့ ဒင်းနစ်စ်ကိုင်းလ် အပါအဝင် အဖမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား အားလုံးကို လွှတ်ပေးဖို့ တာလီဘန်အစိုးရကို အကြံပြုခဲ့ပါတယ်။

အမေရိကန်က ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေကို လွှတ်ပေးဖို့ တောင်းဆိုပြီးတဲ့နောက် ဆွေးနွေးမှုကတဆင့် ပြဿနာကို ဖြေရှင်းချင်တယ်လို့ ပြောပါတယ်။

အာဖဂန်နစ္စတန်အစိုးရက သဘောတူညီချက်တခုအတွက် နိုင်ငံခြားသားတွေကို ဖမ်းမထားဘူးလို့ အာဖဂန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ ဟာဖစ်ဇ်ဇီယာ အာမက် တာကယ်က အလေးပေး ပြောပါတယ်။

သတ်မှတ်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်မှုအတွက် လူတချို့ကို ဖမ်းဆီးခဲ့ပြီး ကိစ္စရပ် အတော်များများမှာ ဥပဒေလုပ်ထုံးလုပ်နည်းတွေ ပြီးဆုံးပြီးတဲ့နောက် ပုံမှန်အတိုင်း သူတို့ကို ပြန်လွှတ်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံဟာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတချို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး စေတနာကောင်းနဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ လှမ်းခဲ့တာကို သတိပြုပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

ဒါ့အပြင် ကာတာနိုင်ငံရဲ့ ပံ့ပိုးကူညီမှုနဲ့ အာဖဂန်နစ္စတန်နဲ့ အမေရိကန်အကြား ဆွေးနွေးပွဲတွေကို အဆင့်အမျိုးမျိုးမှာ ကျင်းပခဲ့ပြီး ၂ ဖက်စလုံးက အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ အများကြီး လှမ်းကြဖို့ ကတိပြုခဲ့ကြပါတယ်။

အာဖဂန်နစ္စတန်က ဒီကိစ္စကို လက်ရှိဆွေးနွေးမှုတွေနဲ့ တည်ဆောက်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကနေ တဆင့် သင့်လျော်အောင်ဖြေရှင်းပြီး အဆုံးသတ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သူက ပြောပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013