Home
နိုင်ငံတကာ
အမေရိကန်က လက်နက်နေရာပြောင်းရွှေ့မှုအပေါ် တားဆီးပိုင်ခွင့်မရှိဟု တောင်ကိုရီးယားပြော
DVB
·
March 11, 2026
Photo: Reuters

တောင်ကိုရီးယားနိုင်ငံတွင်းမှာ အမေရိကန်က တပ်ဆင်ထားတဲ့ လက်နက်တချို့ကို တခြားနေရာကို ရွှေ့ပြောင်းတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားဘက်က တားဆီးနိုင်ခွင့် မရှိဘူးလို့ သမ္မတ အီဂျယ်မြောင်က မတ် ၁၀ ရက်မှာ ပြောပါတယ်။

အမေရိကန်ရဲ့ ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို အရှေ့အလယ်ပိုင်းဒေသက တိုက်ပွဲဖြစ်နေတဲ့ နေရာတွေဘက်ကို ပို့ဆောင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး နောက်မှာ အခုလိုပြောလိုက်တာပါ။

တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့တွေဟာ အမြောက်တပ်ရင်းတွေနဲ့ လေကြောင်းကာကွယ်ရေး လက်နက်တချို့ကို နိုင်ငံပြင်ပကို ပို့ဆောင်နေတာနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေပုံရတယ်လို့ သမ္မတ အီဂျယ်မြောင်က ဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဆိုးလ်အစိုးရအနေနဲ့ ကန့်ကွက်ကြောင်း ပြောထားပေမဲ့ အမေရိကန်ကို တိုက်ရိုက်တောင်းဆိုနိုင်တဲ့ အနေအထား မရှိဘူးလို့လည်း သူကဆိုပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်းက အမေရိကန် လက်နက်တချို့ကို ရွှေ့ပြောင်းသွားတာဟာ မြောက်ကိုရီးယားအပေါ် ထိန်းသိမ်းတားဆီးရေး မဟာဗျူဟာကို မထိခိုက်စေဘူးလို့လည်း သမ္မတ အီဂျယ်မြောင်က အခိုင်အမာ ပြောပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားရဲ့ ကာကွယ်ရေးအသုံးစရိတ်နဲ့ သာမန်စစ်ရေးစွမ်းရည်တွေဟာ မြောက်ကိုရီးယားထက် အဆပေါင်းများစွာ မြင့်မားနေတယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

အမေရိကန်ရဲ့ အဓိက စစ်လက်နက်ပစ္စည်းတွေကို နေရာရွှေ့ပြောင်းနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အာရှဒေသတွင်းမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

အထူးသဖြင့် တရုတ်နဲ့ မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ အသုံးပြုနေတဲ့ စစ်သင်္ဘောတွေနဲ့ ဒုံးကျည်တွေကို တခြားစစ်မျက်နှာတွေဆီ ဝါရှင်တန်က ပြောင်းရွှေ့လိုက်မယ်ဆိုရင် ဒေသတွင်း ကာကွယ်ရေးမှာ လဟာပြင်တွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြတာပါ။

အမေရိကန်က တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ စစ်ရေးဖိအားပေးမှုတွေကို တားဆီးဖို့အတွက် လက်ရှိအသုံးပြုနေတဲ့ သင်္ဘောတွေ၊ ဒုံးကျည်စနစ်တွေကို တခြားစစ်မျက်နှာတွေဘက်ကို ရွှေ့ပြောင်းလိုက်ရင် ဒေသတွင်း ကာကွယ်ရေးစနစ်မှာ လစ်ဟာမှုတွေ ရှိလာနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ပေါက်လာကြတာ ဖြစ်ပါတယ်။

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားကို ပူးပေါင်းကာကွယ်ဖို့အတွက် တောင်ကိုရီးယားမှာ အမေရိကန်စစ်သည်အင်အား ၂၈,၅၀၀ လောက်နဲ့အတူ ပက်ထရီယော့ ဒုံးကျည်ပစ်ခတ်မှု တားဆီးရေးစနစ်တွေ အပါအဝင် မြေပြင်မှ ဝေဟင်ပစ် ကာကွယ်ရေးစနစ်တွေကို လက်ခံထားရှိပါတယ်။

အိုဆန် လေတပ်စခန်းမှာ မတ် ၁၀ ရက်က စခန်းအတွင်း လေယာဉ်ပြေးလမ်းပေါ်မှာ ရွေ့လျားလောင်ချာတွေ အများအပြားကို မြင်တွေ့ရပါတယ်။

ကျွမ်းကျင်သူတွေက အဲဒီစနစ်တွေဟာ ပက်ထရီယော့ PAC-2 နဲ့ PAC-3  ဒုံးကျည်တားဆီးစနစ်တွေ ဖြစ်နိုင်တယ်လို့ အတည်ပြုထားပါတယ်။

တောင်ကိုရီးယား မီဒီယာတွေကတော့ အိုဆန်လေတပ်စခန်းမှာရှိတဲ့ ဒုံးကျည်တပ်ရင်းတချို့ကို နိုင်ငံပြင်ပကို ပို့ဆောင်ထားပြီး ဆော်ဒီအာရေဗျနဲ့ ယူအေအီးရှိ အမေရိကန် စစ်ရေးစခန်းတွေမှာ ပြန်လည်တပ်ဆင်ဖို့ ဖြစ်နိုင်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီသတင်းတွေကို တောင်ကိုရီးယား အာဏာပိုင်တွေကတော့ အတည်မပြုသေးပါဘူး။ တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့တွေကတော့ စစ်ဆင်ရေးဆိုင်ရာ လုံခြုံရေးကို အကြောင်းပြပြီး စစ်လက်နက်ပစ္စည်းတွေကို ရွှေ့ပြောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013