
အခုသီတင်းပတ်မှာ စတင်လိုက်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှု တွေဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေလိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံက မတ် ၁၀ ရက်မှာ သတိပေး ပြောကြားလိုက်တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင်သတင်းဌာန KCNA က ဖော်ပြပါတယ်။
‘Freedom Shield’ အမည်ရှိ ဒီနှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုတွေဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့မူဝါဒကို ထင်ထင်ရှားရှား ပြသနေတာ ဖြစ်ပြီး ဒေသတွင်း တည်ငြိမ်မှုကို ပိုမိုပျက်စီးစေမှာဖြစ်ကြောင်း ကင်မ်ယိုးဂျုံက ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
ထုတ်ပြန်ချက်ထဲမှာတော့ “ကျွန်ုပ်တို့ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးနယ်နိမိတ်အနီးမှာ စစ်ရေး ပြသမှုတွေ လုပ်နေတာဟာ မထင်မှတ်နိုင်လောက်အောင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ် လာစေနိုင်တယ်” လို့ သတိပေးထားပါတယ်။
ဒါ့အပြင် “ကျွန်ုပ်တို့ရဲ့ စိတ်ရှည်မှု၊ ဆုံးဖြတ်ချက်နဲ့ စွမ်းရည်တွေကို စမ်းသပ်ဖို့ မကြိုးစားသင့်ဘူး” လို့လည်း ထပ်မံသတိပေးခဲ့ပါတယ်။
ကင်မ်ယိုးဂျုံက “ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအခြေအနေတွေကလည်း မြန်မြန်ဆန်ဆန် ပြိုလဲနေပြီး နေရာအနှံ့မှာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒီလိုစိုးရိမ်စရာ အချိန်မျိုးမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စစ်ရေးလေ့ကျင့်မှုတွေကို အတင်းအဓမ္မ လုပ်ဆောင်နေတာဟာ ဒေသတွင်း တည်ငြိမ်မှုကို ပိုပြီးတော့ပဲ ပျက်စီးစေမှာ ဖြစ်ပါတယ်” လို့ ဖတ်ကြားသွားပါတယ်။
တဖက်မှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က မတ် ၉ ရက်ကနေ ၁၉ ရက်အထိ ပြုလုပ်မဲ့ ဒီလေ့ကျင့်မှုတွေဟာ “ကာကွယ်ရေးသဘောသဘာဝ” ဖြစ်ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်ဆိုင်ရာ အန္တရာယ်တွေကို တားဆီးကာကွယ်ရေး အခြေအနေတွေကိုလည်းပါဝင် ထည့်သွင်း လေ့ကျင့်သွားမယ်လို့ ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ စစ်မက်ဖြစ်ပွားချိန်မှာ အမေရိကန်က ကိုင်တွယ်တဲ့ စစ်ဆင်ရေးကွပ်ကဲမှု ကို တောင်ကိုရီးယားဆီ ပြန်လွှဲပြောင်းပေးဖို့ လက်ရှိပြင်ဆင်မှုတွေကိုလည်း ပံ့ပိုးပေးမဲ့ အခွင့်အရေး တခုအဖြစ်လည်း အထောက်အကူပြုလိမ့်မယ်လို့ ၂ နိုင်ငံစလုံးမှ အရာရှိတွေက ပြောပါတယ်။
တောင်ကိုရီးယားဟာ အမေရိကန်ဆီက စစ်ရေးကွပ်ကဲမှုအာဏာကို သမ္မတ အီဂျယ်မြောင်ရဲ့ သမ္မတ သက်တမ်း ကုန်ဆုံးမဲ့ ၂၀၃၀ မတိုင်ခင် အပြီးသတ် လက်ခံရယူနိုင်ဖို့ ရည်မှန်းထားပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ တလလောက် မတိုင်ခင်ကဘဲ ကင်မ်ဂျုံအန်းက မြောက်ကိုရီးယား အာဏာရပါတီညီလာခံမှာ နိုင်ငံရဲ့ နျူကလီးယားလက်နက်အင်အားကို ပိုမိုတိုးချဲ့သွားမယ်လို့ ပြောခဲ့ပြီးနောက် ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့တလက ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ ၉ ကြိမ်မြောက် ပါတီညီလာခံမှာ ခေါင်းဆောင် ကင်မ်ဂျုံအန်းက သူတို့ရဲ့ နျူကလီးယား လက်နက်တိုက်ကို တိုးချဲ့ဖို့ အာရုံစိုက်သွားမယ်လို့ ပြောကြားခဲ့ပြီးနောက်မှာ တင်းမာမှုတွေ မြင့်တက်လာပြီး ဒီစစ်ရေး လေ့ကျင့်မှုတွေကို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
Source: Reuters


