
၃ နှစ်အတွင်း အမြင့်ဆုံးရောက်ခဲ့တဲ့ ရေနံဈေးဟာ စစ်ပွဲမြန်မြန်ပြီးတော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့အပြီး မတ် ၁၀ ရက်မှာ ရေနံတစည်ကို ဒေါ်လာ ၁၀၀ အောက် ပြန်လည်ကျဆင်းသွားပါတယ်။
မတ် ၁၀ ရက် မနက်ပိုင်းမှာ ဘရန့်ရေနံစိမ်းစျေးက ၉၂ ဒသမ ၄၅ ဒေါ်လာကို ပြန်ကျသွားပြီး WTI ရေနံစိမ်းဈေးကတော့ ၈၈ ဒသမ ၆၅ ဒေါ်လာကို ကျဆင်းသွားခဲ့ပါတယ်။
မတ် ၉ ရက်ကတော့ ရေနံတစည်ကို ဒေါ်လာ ၁၀၀ ကျော်သွားခဲ့ပြီး ဘရန့်မှာ ၁၁၉ ဒသမ ၅၀ ဒေါ်လာနဲ့ WTI မှာ ၁၁၉ ဒသမ ၄၈ ဒေါ်လာအထိ ရောက်ခဲ့ကာ ဒါဟာ ၂၀၂၂ နှစ်လယ် နောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတတို့ ဖုန်းပြောဆိုခဲ့ပြီးနောက် စစ်ပွဲအမြန်ဆုံး အဆုံးသတ်ရေး အဆိုပြုချက်တွေ ထွက်ပေါ်လာလို့ အခုလို ရေနံဈေးတွေ ပြန်ကျသွားတာပါ။
အီရန်စစ်ပွဲဟာ မျှော်မှန်းထားတာထက် အများကြီးစောပြီး ပြီးပြည့်စုံနေပြီလို့ မတ် ၉ ရက်မှာ ထရမ့်ပ်က ဖြေကြားခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေရင် ဒေသတွင်းကနေ “ရေနံတလီတာတောင်” တင်ပို့ခွင့်ပြုမှာ မဟုတ်ဘူးလို့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က မတ် ၁၀ ရက်မှာ တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ထရမ့်ပ်ဘက်က ရုရှားအပေါ် ရေနံပိတ်ဆို့မှုတွေ လျှော့ချဖို့နဲ့ အရေးပေါ် ရေနံသိုလှောင်ထားမှုတွေကို ထုတ်သုံးဖို့ စဉ်းစားနေတာကြောင့် ရေနံစျေးတွေ ထပ်တက်မလာခဲ့ပါဘူး။
IG ဈေးကွက်လေ့လာဆန်းစစ်သူ တိုနီဆစ်ကမိုးက “ပြီးခဲ့တဲ့ ၂၄ နာရီက ဖြစ်ရပ်တွေကို ထည့်သွင်းစဉ်းစားကြည့်ရင် ရှေ့လာမဲ့ အရောင်းအဝယ် အချိန်တွေမှာ ရေနံဈေးနှုန်းဟာ ၇၅ ဒေါ်လာကနေ ၁၀၅ ဒေါ်လာဝန်းကျင်ကြား အတက်အကျ ကြမ်းနိုင်တယ်” လို့ သုံးသပ်ထားပါတယ်။
ရေနံဈေးတွေ ပြန်ကျသွားတဲ့အတွက် အာရှ စတော့ရှယ်ယာဈေးကွက်တွေမှာတော့ ဂျပန်နိုင်ငံရဲ့ Nikkei 225 အညွှန်းကိန်း ၂ ဒသမ ၈ ရာခိုင်နှုန်းနဲ့ တောင်ကိုရီးယားရဲ့ Kospi အညွှန်းကိန်း ၅ ရာခိုင်နှုန်းကျော် အသီးသီး ပြန်တက်လာခဲ့ပါတယ်။
Source: Reuters


