Home
မြန်မာသတင်း
ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူများကို ကူညီသည့် အစိုးရများအား သမ္မတထရမ့်ပ် အရေးယူမည် 
DVB
·
March 9, 2026
Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူတွေကို အကူအညီ၊ အကာအကွယ်ပေးတဲ့ နိုင်ငံနဲ့ အစိုးရတွေကိုပါ အရေးယူမဲ့ ဆိုက်ဘာရာဇဝတ်မှုနှိမ်နင်းရေး အမိန့်စာကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

“အမေရိကန်နိုင်ငံသားများအား ဆိုက်ဘာရာဇဝတ်မှု၊ လိမ်လည်မှုနဲ့ အမြတ်ထုတ်မှု ပုံစံများမှ ကာကွယ်ရေး” အမိန့်စာကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၆ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။

အမိန့်စာဖော်ပြချက်မှာ အမေရိကန်ပြည်သူတွေကို လိမ်လည်နေတဲ့ အင်တာနက် လိမ်လည်ရေးစခန်းတွေကို ကာကွယ်ပေးထားတဲ့ (ဒါမှမဟုတ်) ဒီစခန်းတွေကနေ အကျိုးအမြတ်ရနေတဲ့ အစိုးရတွေကို ရာဇဝတ်မှုအားပေးကူညီသူတွေ (Enablers) အဖြစ် သတ်မှတ်ကြောင်း ဖော်ပြပါတယ်။

အားပေးကူညီတဲ့ နိုင်ငံတွေ/အစိုးရတွေကို ပိတ်ဆို့အရေးယူတာ၊ ဗီဇာပိတ်တာနဲ့ အကူအညီတွေ ဖြတ်တောက်ဖို့ ညွှန်ကြားချက်လည်း ပါဝင်ပါတယ်။

စစ်ကောင်စီနဲ့ နယ်စပ်က ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေ အကာအကွယ်ပေးထားတဲ့ မြန်မာပြည်နယ်စပ်က ကျားဖြန့်စခန်းတွေဟာ ဒီအမိန့်စာမှာ ပါဝင်တဲ့ ကန့်သတ်ချက်တွေနဲ့ တိုက်ရိုက်ငြိစွန်းနေတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

အမိန့်စာပါ ဖော်ပြချက်တွေအရ စစ်ကောင်စီဟာ အွန်လိုင်းရာဇဝတ်မှုတွေမှာ ထောက်ပံ့သူအဖြစ် အမေရိကန်အစိုးရက သတ်မှတ်တာ ခံရမဲ့အခြေအနေ ဖြစ်လာတာပါ။

လော့စ်အိန်ဂျယ်လိစ် မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “အင်တာနက် လိမ်လည်ရေးစခန်းက နေပြီးတော့ အကျိုးအမြတ်ရနေတယ်၊ သူတို့ကို ကာကွယ်ပေးထားတဲ့ အစိုးရတွေကို ရာဇဝတ်မှု အားပေးကူညီသူတွေအနေနဲ့ တရားဝင်သတ်မှတ်လိုက်တာ၊ အဲဒါက အထိရောက်ဆုံးလို ဖြစ်နေတယ်။ အဲဒါနဲ့ဆက်စပ်ပြီးတော့ သူတို့ ကွန်ဂရက်စ်မှာလည်း အရေးယူဖို့ ဆိုပြီးတော့ ဥပဒေတွေ တင်ထားတယ်လေ။ သမ္မတက Executive Order ထုတ်တယ် ဆိုတာက သူတို့ ရက်အကန့်အသတ်လုပ်ပြီးတော့ ရက် ၆၀ အတွင်းမှာ ဘာလုပ်ရမယ်၊ ရက် ၁၂၀ အတွင်းမှာ ဘာလုပ်ရမယ်၊ ဘယ်လောက်ထိရောက်ပြီလဲဆိုတာ အစီရင်ခံစာတင် ဆိုပြီးတော့ နောက်က ဖိအားပေးတဲ့ သဘောမျိုးပေါ့နော်။ အစိုးရတွေကိုပါ သူတို့ အရေးယူမယ် ဆိုတာကတော့ ကျနော်တို့အတွက် ပိုပြီးတော့ ထူးခြားတာပေ့ါလေ” လို့ ပြောပါတယ်။

သမ္မတထရမ့်ပ်ရဲ့ အမိန့်စာမှာ အဓိကညွှန်ကြားချက် ၆ ခု ပါဝင်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိတွေက နိုင်ငံတကာ ဆိုက်ဘာရာဇဝတ်မှုအဖွဲ့တွေကို တိုက်ဖျက်ရာမှာ အကောင်းဆုံးနည်းလမ်းတွေ ရှာဖွေသုံးသပ် အရေးယူဖို့၊ အမျိုးသားညှိနှိုင်းရေးဌာန (NCC) အတွင်း သီးသန့်လုပ်ငန်းလည်ပတ်မှုပုံစံ တည်ထောင်ပြီး ဆိုက်ဘာရာဇဝတ်အဖွဲ့တွေကို ဖော်ထုတ်ဖျက်သိမ်းဖို့၊ ဆိုက်ဘာလိမ်လည်မှုတွေကို ပြည်ထောင်စုရှေ့နေချုပ်က ဦးစားပေး တရားစွဲဆိုပြီး အပြင်းထန်ဆုံး အရေးယူဖို့၊ အမိမြေလုံခြုံရေးဝန်ကြီးက အမျိုးသားညှိနှိုင်းရေးဌာန (NCC) နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ လိမ်လည်သူတွေဆီက ပြန်ရတဲ့ ငွေကြေးတွေကို အလိမ်ခံရသူတွေဆီ ပြန်ပေးအပ်နိုင်ရေးအတွက် ရှေ့နေချုပ်က အစီအစဉ် အကြံပြုချက် တင်ပြဖို့၊ နိုင်ငံခြားရေးဝန်ကြီးက ရာဇဝတ်မှု အကူအညီပေးတဲ့ နိုင်ငံတွေကို ပိတ်ဆို့အရေးယူတာ၊ ဗီဇာကန့်သတ်တာ၊ နိုင်ငံခြားအကူအညီတွေ ကန့်သတ်တာ စတဲ့ အရေးယူမှုတွေ ချမှတ်ဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “NCC ဆိုတာက FBI နဲ့ HSI၊ FBI ဆိုတာက Federal Bureau of Investigation နဲ့ Homeland Security Investigation တို့  အဓိကဦးဆောင်ပြီးတော့ ဒီကိစ္စတွေကို လုပ်မှာပေါ့နော်။ သူတို့ ပေါင်းပြီးတော့လည်းပဲ HSTF လို့ခေါ်တဲ့ Homeland Security Task Force တွေကို ဖွဲ့ထားပြီးဖြစ်တယ်။ တခြား Attorney general (ရှေ့နေချုပ်) တွေ၊ ပြည်ထောင်စုရှေ့နေချုပ်တွေ စသဖြင့် ပူးပေါင်းပြီးတော့မှ ဆောင်ရွက်မယ် ဆိုတဲ့သဘောကတော့ သူတို့ ဒါကို သေချာကိုင်တွယ်မှာ ဖြစ်တယ်။ နောက်ဆုံး Executive Order ထဲမှာ ဆိုလို့ရှိရင်လည်း ပြည်ထောင်စုရှေ့နေချုပ်ကို သမ္မတက ဒီကိစ္စတွေကို ပြင်းပြင်းထန်ထန် ဆောင်ရွက်ဖို့ဆိုတဲ့ အချက်ပါဝင်တယ်။ မြန်မာပြည်နဲ့ပဲဖြစ်ဖြစ် ဒီဒေသတွေမှာ သူတို့အတွက် အနှောင့်အယှက်ဖြစ်မဲ့အရာတွေ ဆိုလို့ရှိရင် အတတ်နိုင်ဆုံး ရှင်းထုတ်မှာဖြစ်တယ်” လို့ ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ အရှေ့အာရှ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ကီဗင်ကင်(မ်)ကို အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်ဖို့ ဒေသစံတော်ချိန် မတ် ၃ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အဆိုပြု တင်သွင်းကြောင်း ကြေညာပြီး ရက်ပိုင်းအတွင်းမှာ သမ္မတထရမ့်ပ်ရဲ့ ဆိုက်ဘာရာဇဝတ်မှုနှိမ်နင်းရေး အမိန့်စာ ထွက်ပေါ်လာတာပါ။

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှမှာ အခြေစိုက်တဲ့ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်) တွေကို နှိမ်နင်းဖို့ Scam Center Strike Force အထူးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်အစိုးရက ၂၀၂၅ နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ Scam Center Strike Force လုပ်ငန်းတွေကို ဆောင်ရွက်နေကြောင်း FBI က မှတ်တမ်းတွေနဲ့ သတင်းထုတ်ပြန်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်မှာ မြန်မာ့အရေးကို စနစ်တကျ ထိတွေ့နိုင်ဖို့ Burma Act ကို လက်မှတ်ထိုး အတည်ပြုခဲ့ပြီး Brave Burma Act၊ Burma GAP Act နဲ့ No New Burma Funds Act ဥပဒေကြမ်းတွေကို အတည်ပြု ပြဋ္ဌာန်းနိုင်ဖို့ လွှတ်တော်အသီးသီးမှာ ဆွေးနွေးနေပါတယ်။

နောက်ထပ် အတည်ပြုလာမဲ့ ဥပဒေကြမ်း ၃ ခုကနေ မြန်မာ့အရေး အထူးသံတမန်တယောက် ထွက်ပေါ်လာဖို့လည်း ရှိနေတာပါ။

ဒီအချက်အလက်တွေအရ အမေရိကန်ပြည်ထောင်စုဟာ အရှေ့တောင်အာရှဒေသတွင်းကို သံတမန်ရေး၊ ဥပဒေရေး၊ မြေပြင်လက်တွေ့အရေးယူရေး စတဲ့ ဘက်ပေါင်းစုံကနေ ချဉ်းကပ်လာတဲ့သဘော ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013