
သူ့ဆီကနေ အရင်ခွင့်ပြုချက်မယူဘူးဆိုရင် အီရန်ခေါင်းဆောင်သစ် ကြာကြာမခံဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးလိုက်ပါတယ်။
ထရမ့်ပ်က “ကျုပ်တို့ဆီကနေ သူ ခွင့်ပြုချက်ယူဖို့လိုတယ်။ ကျုပ်တို့ဆီက ခွင့်ပြုချက်မရဘူးဆိုရင် သူ ကြာကြာခံမှာ မဟုတ်ဘူး။ ၁၀ နှစ်ကြာတိုင်း ပြန်ပြန်သွားရတာမျိုးမဖြစ်ဖို့ လိုတယ်။ အဲဒီကျ ကျုပ်လိုမျိုး သမ္မတ မရှိဘူးဆို အဲဒီလိုလည်း လုပ်မှာမဟုတ်ဘူး” လို့ ABC သတင်းဌာနကို ပြောပါတယ်။
“၅ နှစ်လောက်နေရင် ပြန်လာရတာမျိုး မလိုချင်ဘူး။ ဒါကိုပဲ ထပ်တလဲလဲလုပ်ရမယ်။ ပိုဆိုးရင် သူတို့ နျူကလီးယားလက်နက်တောင် ရသွားဦးမယ်။”
အရင်ဖြုတ်ချခံခဲ့ရတဲ့ ရှားဘုရင်အစိုးရနဲ့ ပတ်သက်တဲ့ တယောက်ယောက်ကို အတည်ပြုပေးချင်တာလား ဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်ပ်က “ခေါင်းဆောင်ကောင်းတယောက် ရွေးဖို့အတွက်ဆိုရင် အတည်ပြုပေးမှာပါ။ အရည်အချင်းပြည့်မီတဲ့သူတွေ အများကြီးရှိပါတယ်” လို့ ထပြန်ဖြေခဲ့ပါတယ်။
စစ်ပွဲဆင်နွှဲရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီးတော့လည်း အီရန်ဟာ အရှေ့အလယ်ပိုင်းတခုလုံးကို သိမ်းပိုက်ဖို့ စီစဉ်နေလို့ သူက တားဆီးခဲ့ရတာဖြစ်ကြောင်း ထရမ့်ပ်က ဆိုပါတယ်။
“လွန်ခဲ့တဲ့တပတ်က စက္ကူကျား မဟုတ်ခဲ့ပေမဲ့ အခုတော့ သူတို့ဟာ စက္ကူကျားဖြစ်သွားပါပြီ။ သူတို့က တိုက်ခိုက်တော့မှာပါ။”
အီရန်ရဲ့ ယူရေနီယံတွေကို သိမ်းဆည်းဖို့ အထူးတပ်ဖွဲ့တွေ စေလွှတ်မဲ့ အစီအစဉ်ကိုလည်း ပယ်ချထားခြင်းမရှိဘဲ အားလုံးဖြစ်လာနိုင်ခြေရှိတယ်လို့ သူက သတိပေးပါတယ်။
အီရန်ဟာ လက်နက်ထုတ်လုပ်နိုင်တဲ့အဆင့် ယူရေနီယံရအောင် ၇ ရက်နဲ့ ၁၀ ရက်အတွင်း သန့်စင်နိုင်တယ်လို့ အမေရိကန်ဘက်က ယူဆထားတာပါ။
မတ် ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကျဆုံးအမေရိကန်စစ်သည်တွေရဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့တဲ့ ထရမ့်ပ်က စစ်ပွဲဟာ မျှော်မှန်းထားတာထက် အချိန်ရော ထိရောက်မှုအပိုင်းမှာပါ ပိုမြန်မြန် အောင်မြင်နေတယ်လို့ ဆိုပါတယ်။
ဓာတ်ဆီဈေးတက်တာဟာ ပြဿနာသေးသေးလေးသာဖြစ်ပြီး အီရန်ရဲ့ ရေတပ်နဲ့ လေတပ်တခုလုံးကို ချေမှုန်းနိုင်ခဲ့ပြီလို့ ထရမ့်ပ်က ကြေညာသွားပါတယ်။
Source: Reuters


