
အီရန်နိုင်ငံ၊ မီနပ်ဘ်မြို့မှာရှိတဲ့ ရှာဂျာရေ တိုယီဘေဟ် မိန်းကလေးကျောင်းအနီးကို အမေရိကန် တိုမာဟော့ခ် ဒုံးကျည် ထိမှန်ခဲ့ပုံရတဲ့ ဗီဒီယိုသက်သေ မှတ်တမ်းထွက်ပေါ်လာပါတယ်။
ဒီဖြစ်စဉ်ဟာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က ဖြစ်ပွားခဲ့တာပါ။
အဲဒီကျောင်းဟာ အီရန်တော်လှန်ရေး အစောင့်တပ် (IRGC) ရဲ့ ရေတပ်စခန်းဘေးမှာရှိပြီး တိုက်ခိုက်မှုကြောင့် ကလေးသူငယ် အများစုအပါအဝင် လူ အယောက် ၁၅၀ ကနေ ၁၇၅ ယောက်အထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကျောင်းကို အမေရိကန်က ဗုံးကြဲခဲ့တာလားလို့ မေးမြန်းရာမှာတော့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က “မဟုတ်ပါဘူး၊ ကျုပ် မြင်ရသလောက်တော့ ဒါကို အီရန်က လုပ်ခဲ့တာပါ။ ခင်ဗျားတို့ သိတဲ့အတိုင်း သူတို့လက်နက်တွေက လုံးဝ တိကျမှုမရှိပါဘူး”လို့ မတ် ၇ ရက်က ပြောပါတယ်။
မတ် ၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာလည်း ကျောင်းကို ပျက်စီးစေခဲ့တဲ့ တိုမာဟော့ခ် ဒုံးကျည်အကြောင်း မေးမြန်းရာမှာ ဒီဒုံးကျည်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပြီး တခြားနိုင်ငံတွေကို ရောင်းချထားတယ်လို့ ထရမ့်ပ်က ဖြေကြားပါတယ်။
အီရန်မှာလည်း တိုမာဟော့ခ်တချို့ရှိတယ်လို့ဆိုပြီး ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ထွက်ပေါ်လာတဲ့ ဗီဒီယိုကို ကျွမ်းကျင်သူတွေက ဆန်းစစ်ရာမှာတော့ အဲဒီဒုံးကျည်ဟာ အမေရိကန်စစ်တပ်ကသာ သုံးလေ့ရှိတဲ့ တိုမာဟော့ခ် ဒုံးကျည်ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။
လန်ဒန်အခြေစိုက် မဟာဗျူဟာလေ့လာရေး အင်စတီကျုက စစ်ရေးလေ့လာဆန်းစစ်သူ ဂျိုးဇက်ဒမ့်ဆေးက “ဗီဒီယိုထဲက ဒုံးကျည်ဟာ တိုမာဟော့ခ် အမျိုးအစားဖြစ်ဖို့ များလွန်းပြီး ပဋိပက္ခမှာ ပါဝင်နေတဲ့ တခြားနိုင်ငံတွေသုံးတဲ့ ခရုစ်ဒုံးကျည်တွေနဲ့ မတူပါဘူး” လို့ ပြောပါတယ်။
နယ်သာလန်အခြေစိုက် စစ်ရေးပစ္စည်းကျွမ်းကျင်သူ ဂျုစ်အိုလီမန်စ်ကလည်း “ရရှိထားတဲ့ ဗီဒီယိုအရ တခြားဖြစ်နိုင်ခြေမရှိသလို၊ အစ္စရေးနဲ့ အီရန်မှာလည်း ဒီလိုဆင်တူတဲ့ ဒုံးကျည်မျိုး မရှိပါဘူး” လို့ ထောက်ပြထားပါတယ်။
အမေရိကန်စစ်တပ်ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ တိုက်ခိုက်မှုအစပိုင်းမှာ ရေတပ်သင်္ဘောတွေကနေ တိုမာဟော့ခ်ဒုံးကျည်တွေ ပစ်ခတ်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။
ဒါကြောင့် မိန်းကလေးကျောင်းကို ထိမှန်ခဲ့တာဟာ အီရန်ကြောင့်ဆိုတဲ့ သမ္မတရဲ့ ပြောဆိုချက်နဲ့ မြေပြင်က ထွက်ပေါ်လာတဲ့ အထောက်အထားတွေဟာ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
Source: Reuters


