
အီရန်နိုင်ငံဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်စတင်နိုင်ခြေ မရှိတော့ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘာ့စ် အာရာ့က်ချီက ပြောကြားလိုက်ပြီး ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေမှာ ခါးသီးတဲ့အတွေ့အကြုံတွေ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အရင်ဆွေးနွေးပွဲတွေအတွင်း တိုးတက်မှုတွေ ရရှိခဲ့ပေမဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေကြောင့် သံတမန်ရေးလုပ်ငန်းစဉ်တွေ ထိခိုက်ပျက်စီးသွားခဲ့ပြီလို့လည်း တီဟီရန်မြို့မှာ PBS NewsHour သတင်းဌာနက သတင်းထောက် အမ်နာနာဝတ်ဇ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အာရာ့က်ချီက ပြောသွားတာပါ။
ဆွေးနွေးပွဲ ၃ ကြိမ်အထိ ကျင်းပခဲ့ပြီးနောက်မှာ အမေရိကန်ညှိနှိုင်းရေးအဖွဲ့က တိုးတက်မှုကြီး ရရှိခဲ့တယ်လို့ သူတို့ကိုယ်တိုင် ပြောခဲ့ပေမဲ့ နောက်ဆုံး အီရန်ကိုတိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အမေရိကန်နဲ့ ဆက်လက်ဆွေးနွေးဖို့ သို့မဟုတ် ညှိနှိုင်းရေးကိစ္စက အီရန်အစိုးရရဲ့ လုပ်ငန်းစဉ်ထဲမှာ မရှိတော့ပါဘူးလို့ သူက ထောက်ပြခဲ့ပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသတခုလုံး လုံခြုံမှုကင်းမဲ့သွားရပြီး အကျိုးဆက်တွေ ကြီးမားတယ်လို့လည်း ဝန်ကြီး အာရာ့က်ချီက ပြောပါတယ်။
ဒါ့အပြင် အရှေ့အလယ်ပိုင်းဒေသ မတည်မငြိမ်ဖြစ်မှုတွေအတွက် အမေရိကန်နဲ့ အစ္စရေးကို အပြစ်တင်လိုက်ပြီး အီရန်အပေါ် တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း ရေနံထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေးတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီပဋိပက္ခဟာ အီရန်ကို အတင်းအဓမ္မ သွတ်သွင်းခံရတဲ့ စစ်ပွဲတခုဖြစ်ပြီး အီရန်ရဲ့ လုပ်ဆောင်ချက်တွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းသက်သက်သာ ဖြစ်တယ်၊ ဒါ့အပြင် ဒီပဋိပက္ခကြောင့် ဒေသအနှံ့နဲ့ နိုင်ငံတကာအသိုက်အဝန်းမှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေ အတွက်လည်း အီရန်ဘက်က တာဝန်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
Source: Reuters


