
အမိမြေပြန်ရင် အန္တရာယ်ရှိမှာစိုးရိမ်ရတဲ့ အီရန်အမျိုးသမီးဘောလုံးအသင်းက ကစားသမား ၅ ယောက်ကို လူသားချင်းစာနာမှုဗီဇာ ထုတ်ပေးဖို့ ဩစတြေးလျနိုင်ငံက မတ် ၁၀ ရက်မှာ သဘောတူလိုက်ပါတယ်။
ဒီကစားသမားတွေကို လုံခြုံတဲ့နေရာ ပို့ဆောင်ထားပြီး ကျန်အသင်းသားတွေကိုလည်း ဩစတြေးလျမှာ နေထိုင်ခွင့် ကမ်းလှမ်းထားတယ်လို့ ဩစတြေးလျ ပြည်ထဲရေးဝန်ကြီး တိုနီဘာ့ခ်က ပြောပါတယ်။
ဩစတြေးလျမှာ အမျိုးသမီးအာရှဖလား လာကန်နေတဲ့ အီရန်အသင်းဟာ မတ် ၂ ရက်က တောင်ကိုရီးယားနဲ့ အဖွင့်ပွဲမှာ နိုင်ငံတော်သီချင်းသီဆိုဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
ဒါဟာ မျိုးချစ်စိတ်ဓာတ်ကင်းမဲ့တာဖြစ်ပြီး အင်မတန် ဂုဏ်သရေညှိုးစရာလုပ်ရပ် ဖြစ်သလို “စစ်ကာလသစ္စာဖောက်” တွေလို့ အီရန်နိုင်ငံပိုင်ရုပ်သံကနေ စွပ်စွဲ ဝေဖန်ခံခဲ့ရပါတယ်။
နောက်ပိုင်းပွဲစဉ်တွေမှာ ကစားသမားတွေက နိုင်ငံတော်သီချင်း ပြန်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဖိအားပေးမှုကြောင့် အခုလိုလုပ်ရတာ ဖြစ်နိုင်တယ်လို့ ယူဆရပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက စိုးရိမ်ခဲ့ကြပါတယ်။
မတ် ၉ ရက်မှာတော့ ကစားသမားတွေရဲ့ လုံခြုံရေးအတွက် အထူးစိုးရိမ်မိတယ်လို့ ကမ္ဘာ့ဘောလုံးသမားများသမဂ္ဂ (FIFPRO) က ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကလည်း ဒီအီရန်အသင်းကို နေရပ်ပြန်ပို့ရင် အသတ်ခံရနိုင်ခြေ များတဲ့အတွက် ခိုလှုံခွင့်ပေးဖို့ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီကို တိုက်တွန်းခဲ့ပါတယ်။
“ဩစတြေးလျအနေနဲ့ ဒီ အီရန်အသင်းကို နေရပ်ပြန်ပို့ခွင့်ပြုလိုက်ရင် ဆိုးရွားတဲ့ လူသားချင်းစာနာမှု အမှားကြီးကို ကျူးလွန်ရာရောက်မှာဖြစ်ပြီး ခင်ဗျားတို့ လက်မခံရင် အမေရိကန်က ခေါ်သွားမယ်” လို့ ထရမ့်ပ်က လူမှုကွန်ရက်ကတဆင့် ပြောဆိုခဲ့ပါတယ်။


