
အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်က သူ့ရဲ့ ဒုံးကျည်အစီအစဉ် ဖျက်ဆီးခံရပြီဆိုတဲ့ အမေရိကန်ရဲ့ အပြောတွေကို ပယ်ချခဲ့ပါတယ်။
အရေအတွက် ပိုများပြီး ထိပ်ဖူး တတန်ထက်ပိုတဲ့ အလေးချိန်ရှိတဲ့ ဒုံးကျည်တွေကို ဖြန့်ကျက် နေတယ်လို့လည်း အယ်လ်ဂျာဇီးယား သတင်းဌာနက မတ် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ပွဲက “မကြာမီ” ပြီးနိုင်တယ်လို့ပြောပြီး နာရီပိုင်းအကြာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဟော်မုဇ်ရေလက်ကြားမှာရှိတဲ့ ရေနံတင်သင်္ဘောတွေကို ရပ်ခိုင်းထားရင် အီရန်ကို အဆ ၂၀ ပိုပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
အီရန်က ဘာရိန်း၊ ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနဲ့ ဆော်ဒီအာရေဗျ အပါအဝင် အရှေ့အလယ်ပိုင်းမှာ အစ္စရေးနဲ့ အမေရိကန်ရဲ့ စစ်စခန်းတွေနဲ့ ပိုင်ဆိုင်မှုတွေကို တန်ပြန် တိုက်ခိုက်နေပါတယ်။
အီရန်မြို့တော် တီဟီရန်ကို အပြင်းထန်ဆုံး ညလုံးပေါက် ဗုံးကြဲတိုက်ခိုက်ခံရလို့ ရီဆာလတ် ရင်ပြင်နားမှာ လူအယောက် ၄၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
အီရန်မြို့တော် တီဟီရန်မှာ မတ် ၁၀ ရက် အစောပိုင်းက ပေါက်ကွဲမှုတွေ အများအပြား ဖြစ်ခဲ့ပါတယ်။
ဒုံးကျည်တွေ ကောင်းကင်ယံမှာ လွင့်ပျံပြီး လေထဲမှာ ပေါက်ကွဲနေတာကို ရိုက်ကူးထားတဲ့ ရုပ်သံ မှတ်တမ်းတွေကို တရုတ်မီဒီယာအုပ်စု (CMG) က ထုတ်လွှင့်ခဲ့ပါတယ်။
အမေရိကန်-အစ္စရေးတို့က တီဟီရန်မြို့တော်နဲ့အနီးတဝိုက် ဒေသတွေအပေါ် ဆက်ပြီး ပူးတွဲ တိုက်ခိုက်နေတယ်လို့ အီရန်နိုင်ငံအခြေစိုက် CMG ဌာနေသတင်းထောက်တယောက်က ပြောပါတယ်။
တနင်္လာနေ့ မွန်းလွဲပိုင်းကလည်း အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IGRC) က ခိုက်ဘာရှက်ခန်နဲ့ ခိုရမ်ရှား-ဖိုး အကြီးစားဒုံးကျည်တွေကို ပစ်လွှတ်ခဲ့တဲ့ ကတိအစစ် စစ်ဆင်ရေးရဲ့ ၃၁ ကြိမ်မြောက် အစီအစဉ်ကို အကောင်အထည်ဖော်မယ်လို့ ကြေညာခဲ့ပါတယ်။
စနေနေ့ညက အီရန်ရေနံ ဂိုဒေါင်တွေ တိုက်ခိုက်ခံရပြီးတဲ့နောက် တန်ပြန်တိုက်ခိုက်မှုတွေ ပေါ်ပေါက် လာခဲ့တာပါ။
တီဟီရန်မြို့တော် အရှေ့ပိုင်းက ရေနံသိုလှောင်ရုံက မီးလောင်နေဆဲဖြစ်ပြီး မီးခိုးတွေ ထူထူထပ်ထပ် ထွက်နေတာကို တနင်္လာနေ့ မွန်းလွဲပိုင်းမှာ သတင်းထောက် ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေက ပြသထားပါတယ်။
ကနဦး ကိန်းဂဏန်းတွေအရ ၁၀ ရက်တာ စစ်ပွဲအတွင်း အီရန်မှာ သေဆုံးသူ ၁,၂၅၅ ယောက်၊ အစ္စရေးမှာ အနည်းဆုံး ၁၃ ယောက်၊ အမေရိကန်စစ်သား ၈ ယောက်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေမှာ ၁၄ ယောက် သေဆုံးခဲ့ပြီးပြီလို့ အယ်လ်ဂျာဇီးယားသတင်းဌာနက မတ် ၁၀ ရက်မှာ ဖော်ပြပါတယ်။
Source: Reuters


