
အစ္စရေးနဲ့ အီရန်တို့ဟာ မတ် ၁၂ ရက်အထိ အပြန်အလှန် ဆက်ပြီး လေကြောင်း တိုက်ခိုက်နေတယ် လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
Operation True Promise 4 ရဲ့ အကြိမ် ၄၀ မြောက် လှိုင်းလုံးစစ်ဆင်ရေးကို ကြာသပတေးနေ့ မနက်မှာ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းရှိ အမေရိကန်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ အီရန်က ပြောပါတယ်။
အစ္စရေးကလည်း တီဟီရန်နဲ့ အီရန်အနောက်ပိုင်းကို လေကြောင်းစစ်ဆင်ရေးအသစ်တွေ ပြုလုပ်ခဲ့ တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောထားပါတယ်။
စစ်ဆင်ရေးလှိုင်းလုံးအသစ်တွေကို လက်ဘနွန်ရဲ့ ဟစ်ဇ်ဘိုလာတွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်တာလို့ အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ၅ နာရီလောက်ကြာခဲ့ပြီး အစ္စရေးနဲ့ ဂျော်ဒန်၊ ဆော်ဒီတို့မှာရှိတဲ့ အမေရိကန် အခြေစိုက်တပ်တွေရှိတဲ့ ပစ်မှတ် ၅၀ ကျော်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အစ္စရေးအလယ်ပိုင်းနဲ့တောင်ပိုင်းတွေမှာ အီရန်နဲ့ လက်ဘနွန်တို့က လာတဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ လေကြောင်းကာကွယ်ရေးတွေ အသင့်ရှိတယ်လို့ အစ္စရေးကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
အီရန်နိုင်ငံဟာ အစ္စရေးကို စတင်တိုက်ခိုက်ခဲ့တဲ့ ၂၀၂၄ ဧပြီလက Operation True Promise 1 ကို စတင်ခဲ့တာဖြစ်ပြီး ၂၀၂၄ အောက်တိုဘာမှာ Promise 2၊ ၂၀၂၅ ဇွန် ၁၃ ကနေ ၂၄ ရက်အထိ အစ္စရေး နဲ့ ၁၂ ရက်ကြာစစ်ပွဲကို Promise 3 အဖြစ် သတ်မှတ်ခဲ့ပြီး လက်ရှိ စစ်ဆင်ရေးကို Promise 4 လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Source: Reuters


