
အီရန်ဟာ စစ်ပွဲတပွဲရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ကုန်ကျစရိတ်တွေကို ခံနိုင်ရည်မရှိဘူးလို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို)ရဲ့ အီရန်ဌာနခွဲမှာရှိတဲ့ ပတ်ဝန်းကျင်ကော်မတီရဲ့ အကြီးအကဲ မိုဟာမက် ဒါဗစ်ရှ်က ပြောပါတယ်။
စနေနေ့က အီရန်မြို့တော် တီဟီရန်က ရေနံသိုလှောင်ရုံတွေကို စစ်ရေးအရ တိုက်ခိုက်အပြီးမှာ ခုလိုပြောလိုက်တာပါ။
အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်အပေါ် စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီက အမေရိကန်-အစ္စရေး တို့က အီရန်ရေနံစက်ရုံတွေအပေါ် တိုက်ခိုက်တာကို ရှုတ်ချခဲ့ပြီး ပတ်ဝန်းကျင်နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးရဲ့ အကျိုးဆက်တွေက အီရန်ရဲ့ နယ်နိမိတ်ထဲမှာတင် အကန့်အသတ်နဲ့ ဖြစ်ထွန်းလာမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
တချိန်တည်းမှာ ကုလသမဂ္ဂကလည်း အရှေ့အလယ်ပိုင်းက ၁၀ ရက်ကြာ စစ်ပွဲဟာ ဒေသတွင်းနဲ့ ပြင်ပကလူတွေရဲ့ ဘဝတွေကို ပြောင်းလဲစေပြီး ရေနံဂိုဒေါင်တွေကို တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်နေတဲ့ အဆိပ်သင့် “မိုးမည်း” တွေ ရွာကျနေပြီလို့ သတိပေးခဲ့ပါတယ်။
ရေ ဒါမှမဟုတ် စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေက အီရန်အတွက် ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ တရုတ် ကမ္ဘာလုံးဆိုင်ရာ ရုပ်သံကွန်ရက် (CGTN) နဲ့ သီးသန့်အင်တာဗျူးမှာ ဒါဗစ်ရှ်က အလေးပေး ပြောခဲ့ပါတယ်။
ဒါဗစ်ရှ်က “ပဋိပက္ခဟာ သဘာဝအရင်းအမြစ်တွေလို အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုတွေအထိ ကျယ်ပြန့်လာရင် အပျက်အစီးတွေကို ပြန်ပြင်ဖို့ နှစ်ချီ ကြာနိုင်တယ်။ အီရန်ဟာ အခု မိုးခေါင်မှု ၄၃ ရာခိုင်နှုန်းကို ရင်ဆိုင်နေရတယ်။ အကန့်အသတ်နဲ့သာ ရှိနေတဲ့ ဒီရေအရင်းအမြစ်တွေ ညစ်ညမ်းသွားရင် လူဦးရေ ၁၀ သန်းလောက်အတွက် သောက်သုံးရေ ထောက်ပံ့ပေးဖို့ အလွန်ခက်ခဲသွားလိမ့်မယ်လို့ မြင်ယောင်ကြည့်ပါ” လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။
Source: Reuters


