
အီရန်နဲ့စစ်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေအပေါ် စိုးရိမ်မှု မြင့်တက်လာချိန်မှာပဲ အမေရိကန်စစ်တပ်ဟာ အသိဉာဏ်ရည်တု “AI Tools” မျိုးစုံ အသုံးပြုလျက်ရှိကြောင်း အတည်ပြု ပါတယ်။
အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) ရဲ့ အကြီးအကဲ ဘရတ်ဒ်ကူးပါးက AI ဟာ စစ်သားတွေကို အချက်အလက် အမြောက်အမြား ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ကူညီပေးနေတာ ဖြစ်တယ်ဆိုပြီး မတ် ၁၁ ရက်မှာ ပြောကြားပါတယ်။
ဘရတ်ဒ်ကူးပါးက“ဘာကိုပစ်မယ်၊ ဘယ်ဟာကိုမပစ်ဘူး၊ ဘယ်အချိန်မှာ ပစ်ရမယ်ဆိုတဲ့ နောက်ဆုံး ဆုံးဖြတ်ချက်အတွက် လူသားတွေကသာ အမြဲချမှတ်သွားမှာပါ။ ဒါပေမဲ့ အဆင့်မြင့် AI နည်းပညာ တွေဟာ နာရီပေါင်းများစွာ၊ တခါတလေ ရက်နဲ့ချီပြီး ကြာတတ်တဲ့ လုပ်ငန်းစဉ်တွေမှာ စက္ကန့်ပိုင်း အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်တယ်” လို့လည်း ဖြည့်စွက်ပြောပါတယ်။
လက်ရှိအချိန်အထိ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်ဘက် အဆောက်အအုံ ၂၀,၀၀၀ နီးပါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဌာန ၇၇ ခုအထိ ထိခိုက်ပျက်စီးခဲ့ရ ကြောင်း အီရန် လခြမ်းနီအသင်းက ထုတ်ပြန်ထားပါတယ်။
အလားတူ ဂါဇာဒေသမှာ အစ္စရေးဖော်ဆောင်ခဲ့တဲ့ စစ်ပွဲအတွင်း AI ဉာဏ်ရည်တုအပေါ် အကြီးအကျယ် မှီခိုအားထားခဲ့တယ်ဆိုပြီး အစီရင်ခံစာ အများအပြားမှာ ဖော်ပြထားပါတယ်။
တချိန်တည်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကလည်း စစ်ရေးကိစ္စရပ်တွေမှာ အဆင့်မြင့် နည်းပညာတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး အီရန်အပေါ် တိုက်ခိုက်နေချိန်မှာ အမေရိကန်အစိုးရနဲ့ Anthropic နည်းပညာကုမ္ပဏီတို့ ကြား လူသိရှင်ကြား ထိပ်တိုက်တွေ့နေပါတယ်။
ဒါဟာ Anthropic ဘက်က အများပြည်သူအပေါ် စောင့်ကြည့်ထောက်လှမ်းတာနဲ့ အလိုအလျောက် စနစ်သုံး လက်နက်တွေမှာ ကုမ္ပဏီရဲ့ နည်းပညာကို အသုံးချခွင့် မပေးနိုင်ဘူးဆိုပြီး ငြင်းဆန်ခဲ့တာ ကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် Anthropic ကုမ္ပဏီကို “ထောက်ပံ့ရေးလမ်းကြောင်းမှာ အန္တရာယ်ရှိတယ်” ဆိုပြီး အိမ်ဖြူတော်က အမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။
တကယ့်လက်တွေ့မှာလည်း အစိုးရအေဂျင်စီတွေနဲ့ စီးပွားရေးလုပ်ပိုင်ခွင့်ဟာ တိုက်ရိုက်ပဲဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပိတ်ပင်လိုက်သလို ဖြစ်သွားတဲ့အလျောက် Anthropic ကနေ ထရမ့်ပ် အစိုးရ ကို စွဲချက်တင်ခဲ့တာပါ။
အခုလိုမျိုး ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆီသ်ရဲ့ မကြုံစဘူး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး Claude AI ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Anthropic ဟာ ပြန်ပယ်ဖျက်ပေးဖို့ တောင်းဆို ထားပါတယ်။
အဲဒီတရားစွဲဆိုမှုကို Google၊ Amazon၊ Apple နဲ့ Microsoft လိုမျိုး နည်းပညာကုမ္ပဏီကြီး တွေကပါ ပေါ်ပေါ်ထင်ထင် ဝန်းရံ ထောက်ခံလာကြပါတယ်။
Source:Reuters


