Home
နိုင်ငံတကာ
အီရန်ရေတပ်သား ၈၄ ဦး၏ ရုပ်အလောင်းများကို လွှဲပေးရန် သီရိလင်္ကာ တရားရုံး အမိန့်ထုတ်
DVB
·
March 12, 2026
Photo: Sri Lanka Navy/Handout via REUTERS

ပြီးခဲ့တဲ့အပတ်က သီရိလင်္ကာနိုင်ငံရဲ့ ကမ်းရိုးတန်းအနီးမှာ တိုက်ခိုက်ခံခဲ့ရတဲ့ အီရန်စစ်သင်္ဘောမှ သေဆုံးခဲ့တဲ့ ရေတပ်သား ၈၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို အီရန်သံရုံးဆီ လွှဲပြောင်းပေးဖို့  သီရိလင်္ကာတရားရုံးက မတ် ၁၁ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။ 

ကမ္ဘာ့ဈေးကွက်နဲ့ ရေနံဈေးနှုန်းတွေကို ရိုက်ခတ်စေခဲ့တဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား စစ်ပွဲ ဖြစ်ပွားနေချိန်မှာပဲ အိုင်းရစ္စ်ဒေးနာ အမည်ရ အီရန်စစ်သင်္ဘောဟာ အိန္ဒိယက စီစဉ်ကျင်းပတဲ့  ရေတပ်လေ့ကျင့်ခန်းကအပြန်မှာ အမေရိကန် ရေငုပ်သင်္ဘောရဲ့ တော်ပီဒိုနဲ့ ပစ်ခတ်တိုက်ခိုက်တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

တောင်ပိုင်းဆိပ်ကမ်းမြို့ ဂေါလ်ရှိ ရဲတပ်ဖွဲ့ရဲ့ တောင်းဆိုချက်အရ ဗုဒ္ဓဟူးနေ့မှာ တရားရုံးအမိန့် ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ လောလောဆယ်မှာ ရုပ်အလောင်းတွေကို ဂေါလ်အမျိုးသားဆေးရုံရဲ့ ရင်ခွဲရုံမှာ ထားရှိပါတယ်။

အဲဒီဒေသမှာပဲ အင်ဂျင်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့တဲ့ ဒုတိယမြောက် အီရန်စစ်သင်္ဘော အိုင်းရစ္စ်ဘူရှီးယားပေါ်က သင်္ဘောသား ၂၀၈ ယောက်ကိုလည်း သီရိလင်္ကာအစိုးရက ရက်ပေါင်း ၃၀ စာ ပြည်ဝင်ခွင့်ဗီဇာတွေ ထုတ်ပေးထားတယ်လို့  ဒုတိယကာကွယ်ရေးဝန်ကြီး အာရူနာ ဂျာယာဆက်ကေရာက ပြောပါတယ်။

သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနဟာ သင်္ဘောသားတွေနဲ့ပတ်သက်ပြီး ကိုလံဘိုမြို့ရှိ အီရန်သံရုံးကတဆင့် တီဟီရန်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်း ဂျာယာဆက်ကေရာက ပြောဆိုပါတယ်။

လက်ရှိ ကမ်းခြေနဲ့ ၉ မိုင်အကွာမှာရှိနေတဲ့ အဲ့ဒီစစ်သင်္ဘောကို အရှေ့ဘက်ကမ်းရိုးတန်းက ထရင်ကိုမာလီဆိပ်ကမ်းကို ရွှေ့ပြောင်းသွားဖို့ရှိတယ်လို့ သီရိလင်္ကာသမ္မတက အတည်ပြုထားပါတယ်။

အိုင်းရစ္စ်ဘူရှီးယား စစ်သင်္ဘောဟာ နိုင်ငံရဲ့ ကမ်းရိုးတန်းမှ ၉ မိုင် အကွာလောက်မှာ ရပ်နားနေပြီး နောက်ပိုင်း နေရာရွှေ့ပြောင်းမယ်လို့ သီရိလင်္ကာအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က မတ်လ ၁၀ ရက်မှာ ပြောပါတယ်။ 

တဘက်မှာလည်း ဝါရှင်တန်ဟာ အီရန်သင်္ဘော ၂ စင်းမှ အသက်ရှင်ကျန်ရစ်သူတွေကို နေရပ်ပြန်မပို့ဖို့ ကိုလံဘိုကို ဖိအားပေးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

တိုက်ခိုက်ခံရတဲ့  အိုင်းရစ္စ်ဒေးနာ စစ်သင်္ဘောပေါ်ကနေ ၃၂ ယောက် အသက်ရှင်ကျန်ရစ်ခဲ့သလို၊ သင်္ဘောသား ၁၈၃ ယောက် လိုက်ပါလာတဲ့ တတိယမြောက် အီရန်စစ်သင်္ဘော အိုင်းရစ္စ်လာဗန် ကတော့ လက်ရှိမှာ အိန္ဒိယတောင်ပိုင်း ကိုချီဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013