Home
နိုင်ငံတကာ
အီရန်တွင် မိုးမည်းများ ရွာချမှုကြောင့် WHO က ကျန်းမာရေးသတိပေး
DVB
·
March 11, 2026
Photo: Reuters

အီရန်နိုင်ငံအတွင်းရှိ ရေနံချက်စက်ရုံတွေ တိုက်ခိုက်ခံရပြီးနောက်မှာ ရွာချလာတဲ့ ‘မိုးမည်း’ (Black Rain) တွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မတ် ၁၀ ရက်မှာ သတိပေးလိုက်ပြီး အီရန်အစိုးရရဲ့ ပြည်သူတွေအနေနဲ့ အိမ်ထဲမှာပဲ နေထိုင်ကြဖို့ အကြံပြုချက်ကိုလည်း ထောက်ခံခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးအတွင်း အီရန်ရဲ့ စွမ်းအင်သိုလှောင်ရုံတွေ တိုက်ခိုက်ခံခဲ့ရအပြီး တနင်္လာနေ့က တီဟီရန်မြို့မှာ ရေနံမီးခိုးမည်းတွေ ဖုံးလွှမ်းခဲ့ပြီးနောက်ပိုင်း ရေနံနဲ့ အက်စစ်ဓာတ်တွေ ပါဝင်တဲ့ မိုးတွေ ရွာသွန်းနေကြောင်း သတင်းပို့မှု အများအပြား ရရှိထားတယ်လို့ WHO ပြောရေးဆိုခွင့်ရှိသူ ခရစ္စတီယန် လင်းဒ်မိုင်ယာက ဂျီနီဗာမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

လက်ရှိအခြေအနေကတော့ အီရန်အာဏာပိုင်တွေအပြင် ဆေးရုံတွေနဲ့လည်း ဆက်သွယ်ကာ အခြေအနေကို စောင့်ကြည့်နေကြောင်းလည်း WHO က ပြောပါတယ်။

“မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ပါလာတဲ့ အက်စစ်မိုး ရွာသွန်းမှုဟာ လူထုအတွက် အန္တရာယ်ရှိပြီး အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အန္တရာယ်ရှိပါတယ်။ အခုလက်ရှိ အန္တရာယ် ရှိနေတဲ့ ရေနံသိုလှောင်ရုံတွေ၊ မီးလောင်မှုတွေ ဖြစ်ပေါ်စေပြီး လေထုအရည်အသွေး စိုးရိမ်မှုတွေ မြင့်တက်နေတဲ့ ရေနံချက်စက်ရုံတွေကို ထည့်သွင်းစဉ်းစားရင် အီရန်အာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့ အိမ်ထဲမှာပဲနေဖို့ ဆိုတဲ့ သတိပေးချက်ဟာ အကြံဉာဏ်ကောင်းတခု ဖြစ်ပါတယ်။”

ဒါပေမဲ့ မိုးရေကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်ဟာ တည်နေရာ၊ လေတိုက်ရာလမ်းကြောင်း အစရှိတဲ့ အချက်အလက်တွေအပေါ် မူတည်နိုင်ကြောင်းလည်း WHO တာဝန်ရှိသူက ပြောပါတယ်။

WHO ဝန်ထမ်းတယောက်က ရိုက်တာသတင်းဌာနကို ပေးပို့လာတဲ့ ဗီဒီယိုတခုမှာ မတ် ၈ ရက်က တီဟီရန်ရှိ WHO ရုံး အဝင်ပေါက်မှာ အမည်းရောင်အရည်တွေကို ဆေးကြောသုတ်သင်နေတာကို ပြသထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013