
အီရန်နိုင်ငံရဲ့ မဟာဗျူဟာမြောက် အရေးပါလှတဲ့ ဟော်မုဇ်ရေလက်ကြားကို နိုင်ငံအတွက် အကျိုးအရှိဆုံးဖြစ်အောင် အစွမ်းကုန် အသုံးချသွားမယ်လို့ အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဖာတီမေး မိုဟာဂျာရာနီက မတ် ၁၀ ရက်မှာ ပြောပါတယ်။
ဒါဟာ အီရန်အနေနဲ့ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ အသက်သွေးကြောဖြစ်တဲ့ ဒီရေလက်ကြားကို ပိတ်ဆို့ဖို့ ကြိုးစားမယ်ဆိုရင် ပိုပြီးပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ သတိပေးချက်ကို တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
အီရန်ပြောရေးဆိုခွင့်ရှိသူ မိုဟာဂျာရာနီက“ဟော်မုဇ်ရေလက်ကြားဟာ ဘုရားသခင်က ကျမတို့ နိုင်ငံ ကို ပေးသနားထားတဲ့ အရင်းအမြစ်တခုပါ။ နိုင်ငံက စစ်မက်ဖြစ်ပွားနေတဲ့ အခြေအနေမျိုးမှာ ရှိသမျှ အရင်းအမြစ် အားလုံးကို အစွမ်းကုန် အသုံးချရမှာပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် အီရန်ရဲ့ အဆင့်မြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် မို့ဂျ်တာဘာ ခါမေန်ကို ရွေးချယ် လိုက်တာ ဟာလည်း အီရန်ရဲ့ နဂိုမူလ မူဝါဒတွေအတိုင်း ဆက်လက် လျှောက်လှမ်းသွားမှာကို ပြသ နေတာဖြစ်ပြီးတော့ အီရန်ရဲ့ အင်အားတောင့်တင်းခိုင်မာရေး လမ်းစဉ်အတိုင်းပဲ ရှေ့ဆက် သွားပါမယ်လို့လည်း သူက ဆိုပါတယ်။
လက်ရှိတိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံအတွင်းက ဆေးရုံနဲ့ ကျန်းမာရေးဌာန ၅၂ ခု ထိခိုက် ပျက်စီးခဲ့ပြီး ကုသရေးဌာန ၂၉ ခု၊ အရေးပေါ်ကူညီရေးဌာန ၁၉ ခုနဲ့ အရေးပေါ်ယာဉ် ၁၆ စီး တိုက်ခိုက်ခံခဲ့ရပါတယ်။
အဲဒီထဲက အရေးပေါ်ယာဉ် ၄ စီးနဲ့ အရေးပေါ်ရဟတ်ယာဉ်တစီး လုံးဝပျက်စီးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်း ၁၁ ယောက် အသက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေဟာ လွတ်လပ်ရေးကြောင့်၊ ဒီမိုကရေစီအတွက်ကြောင့် မဟုတ်ဘဲ အီရန်နိုင်ငံကို အစိပ်စိပ်အမြွှာမြွှာ ဖျက်ဆီးပစ်ပြီးတော့ အားနည်းသွားစေဖို့ ရည်ရွယ်ထားတာ ဖြစ်ကြောင်းလည်း အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မိုဟာဂျာရာနီက ပြောကြားပါတယ်။
ပြောရေးဆိုခွင့်ရှိသူကတော့ ရန်သူဟာ အီရန်ပြည်သူတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပြီး “ဒီစစ်ပွဲကို ကျမတို့က စတင်ခဲ့တာ မဟုတ်ပေမဲ့ အဆုံးသတ်မဲ့သူကတော့ ကျမတို့ပဲ ဖြစ်လိမ့်မယ်” လို့လည်း ပြောကြားခဲ့ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ဒီစစ်ပွဲကြောင့် ကမ္ဘာ့ရေနံလိုအပ်ချက်ရဲ့ ၅ ပုံ ၁ ပုံ နီးပါးကို သယ်ယူပို့ဆောင် ပေးနေတဲ့ အီရန်ကမ်းရိုးတန်းအနီးရှိ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောသွားလာမှုတွေ အလွန်အမင်း ကန့်သတ်ခံနေရပြီး ရေနံတင်သင်္ဘောတွေဟာ တပတ်ကျော် ကြာအောင် အသွားအလာ ပြတ်တောက်နေရပါတယ်။
ရေနံထုတ်လုပ်သူတွေမှာလည်း သိုလှောင်စရာနေရာတွေ ပြည့်နှက်လာပြီး ရေနံထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားရပါတယ်။
Source: Reuters


