
သိမ်းပိုက်ခံထားရတဲ့ အနောက်ဘက်ကမ်းဒေသမှာ ရာမာဒန်ဈေးဝယ်ထွက်ပြီး ပြန်လာတဲ့ ပါလက်စတိုင်း ဇနီးမောင်နှံနဲ့ ကလေး ၂ ယောက်ကို အစ္စရေးတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
အလီဘာနီအိုဒါနဲ့ ဇနီးဖြစ်သူ ဝါအက်တို့ မိသားစုဟာ အနောက်ဘက်ကမ်းဒေသ မြောက်ပိုင်း၊ တာမွမ်မြို့မှာ ကားနဲ့ သွားလာနေချိန် အစ္စရေးတပ်တွေက ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
ကားပေါ်ပါလာတဲ့ ကလေး ၄ ယောက်အနက် အသက် ၅ နှစ်နဲ့ ၇ နှစ်အရွယ် ကလေး ၂ ယောက် သေဆုံးခဲ့ပြီး ကျန်ကလေး ၂ ယောက်ကတော့ ဒဏ်ရာတွေနဲ့ အသက်ရှင်ခဲ့ပါတယ်။
အခင်းဖြစ်ချိန်မှာ အစ္စရေးစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးတွဲစစ်ဆင်ရေး လုပ်ဆောင်နေခဲ့တာလို့ အစ္စရေးအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
ကားဟာ သူတို့ဆီ ဦးတည် အရှိန်မြှင့်ဝင်လာတာကြောင့် အန္တရာယ်ရှိတယ် ခံစားရလို့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ရလဒ်အနေနဲ့ ယာဉ်ထဲက ပါလက်စတိုင်း ၄ ဦး သေဆုံးခဲ့ပါတယ်” လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပြီး အခင်းဖြစ် အခြေအနေကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အစ္စရေးတပ်ဖွဲ့တွေက သတိပေးချက်မရှိဘဲ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်အပြီးမှာ ကလေးတွေကို ကားထဲကနေ ဆွဲထုတ် ရိုက်နှက်ခဲ့တယ်လို့ အသက်ရှင်ကျန်ရစ်တဲ့ ကလေးတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ အခင်းဖြစ်နေရာကို လူနာတင်ယာဉ်တွေ လာရောက်ခွင့်ကိုလည်း အစပိုင်းမှာ တားဆီးခဲ့တယ်လို့ ပါလက်စတိုင်း ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ စစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း အနောက်ဘက်ကမ်းဒေသမှာ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှုတွေ သိသိသာသာ မြင့်တက်လာနေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကတည်းက ပါလက်စတိုင်း သံလွင်ခြံတွေ၊ ကျေးရွာတွေနဲ့ စားကျက်မြေတွေကို အစ္စရေးအခြေချနေထိုင်သူတွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အဲဒီလို ဝင်ရောက်ချိန်မှာ အရပ်သား ၆ ယောက်ကို ပစ်သတ်ခဲ့သလို အစ္စရေးစစ်တပ်က သုံးတဲ့ စစ်သုံး မျက်ရည်ယိုဗုံးငွေ့ ရှူမိလို့ နောက်ထပ် အမျိုးသားတယောက်လည်း သေဆုံးခဲ့ပါတယ်။
အခု ဘာနီအိုဒါ မိသားစုကို တိုက်ခိုက်မှု အပါအဝင် နှစ်ပတ်အတွင်း အနောက်ဘက်ကမ်းမှာ သေဆုံးတဲ့ ပါလက်စတိုင်း အရေအတွက်ဟာ ၁၁ ယောက်အထိ ရှိလာပြီဖြစ်ပါတယ်။
Source: Reuters


