Home
နိုင်ငံတကာ
စစ်ရေးအရှိန်မြှင့်ပြီး အစ္စရေးနှင့် အီရန် အပြန်အလှန်တိုက်ခိုက် 
DVB
·
March 16, 2026
Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်နဲ့ အပစ်ရပ်ဖို့ အမေရိကန်က အသင့်မဖြစ်သေးဘူးလို့ ပြောပြီးနောက်မှာ အီရန်ကို အစ္စရေးက စစ်ရေးအရှိန်မြှင့်ပြီး တိုက်ခိုက်နေသလို အီရန်ကလည်း တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

အီရန်နဲ့ အစ္စရေးတို့ဟာ အပြန်အလှန် ညလုံးပေါက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

အမေရိကန်က ခါ့ဂ်ကျွန်းကို တိုက်ခိုက်ခဲ့တယ်လို့ ကြေညာထားပြီး အီရန်အရာရှိ ၂ ယောက် ဒီတိုက်ခိုက်မှုမှာ သေဆုံးခဲ့တယ်လို့ အစ္စရေးက ပြောခဲ့ပြီးနောက် အီရန်က လက်တုံ့ပြန်တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့တာပါ။ 

အီရန်က ယူအေအီး၊ ဘာရိန်းနဲ့ ကူဝိတ်နိုင်ငံတို့မှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ ဆော်ဒီမှာ အီရန်ဒရုန်း ၂၆ စင်းကို ပစ်ချခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ကူဝိတ်မှာလည်း ၂၄ နာရီအတွင်း အီရန် ဒရုန်း ၅ စင်းကို ပစ်ချခဲ့ရတယ်လို့ ဖော်ပြပါတယ်။ 

အီရန်ဟာ Promise-4 စစ်ဆင်ရေးကို အသုတ်လိုက်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ အီရန်အနောက်ပိုင်းမှာ ဧရိယာတိုးမြှင့်ပြီး ထိုးစစ်ဆင်နေတယ်လို့လည်း အစ္စရေးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေက အီရန်အလယ်ပိုင်းနဲ့ အနောက်ပိုင်းတွေမှာ အဆောက်အအုံ ၂၀၀ ကျော်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့လည်း အစ္စရေးက ပြောပါတယ်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ မတ် ၂ ရက်မှာ အီရန်စစ်ပွဲထဲ ပါလာတဲ့ လက်ဘနွန်နိုင်ငံမှာ သေဆုံးသူ ၈၀၀ ကျော်ရှိပြီး လူပေါင်း ၈၀၀,၀၀၀ ကျော် ဘေးလွတ်ရာကို ပြောင်း ရွှေ့နေရပါတယ်။

ဒါပေမဲ့ လာမဲ့ရက်ပိုင်းအတွင်းမှာ အပစ်ရပ်ဖို့ လက်ဘနွန်နဲ့ အစ္စရေးတို့ ဆွေးနွေးဖွယ် ရှိတယ်လို့လည်း အစ္စရေးသတင်းစာရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013