
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာရှိတဲ့ ပြည်သူတွေကို ဆိပ်ကမ်းတွေ၊ ဆိပ်ခံတွေနဲ့ အမေရိကန် ပုန်းအောင်းရာနေရာတွေကနေ ထွက်သွားဖို့ အီရန် စစ်တပ်ပြောရေးဆိုခွင့်ရှိသူက အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ မတ် ၁၄ ရက်မှာ တိုက်တွန်း ပါတယ်။
ပင်လယ်ကွေ့ကနေ ဗြိတိသျှတပ်ဖွဲ့တွေ ဆုတ်ခွာပြီးတဲ့နောက် ၁၉၇၁ ခုနှစ်ကစလို့ အီရန်အစိုးရက ပိုင်ဆိုင်ကြောင်းကြေညာထားတဲ့ အဘူမူဆာကျွန်းကို အမေရိကန်ဟာ ပစ်မှတ်ထားခဲ့တယ်လို့ အီရန်အစိုးရ၊ ခါတမ်အယ်လ်အန်ဘီယာ စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်မ် ဇိုဖှာကာရီက ပြောပါတယ်။
အီရန်ပိုင် ခါ့ဂ်ကျွန်းကို တိုက်ခိုက်မှုဟာ ယူအေအီးကနေတဆင့် တိုက်ခိုက်တာဆိုတဲ့ အီရန်ရဲ့စွပ်စွဲချက်ကို ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ အီရန်အစိုးရအနေနဲ့ ဟော်မုဇ်ရေလက်ကြားမှာရှိတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေတာမရပ်ရင် အီရန်ရဲ့ ခါ့ဂ်ကျွန်းပေါ်က အဓိကရေနံအခြေခံ အဆောက်အအုံကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
မတ် ၁၃ ရက်မှာတော့ ထရမ့်ပ်က အမေရိကန်ဟာ အီရန်ရဲ့ ရေနံတင်ပို့မှု ၉၀ ရာခိုင်နှုန်းအတွက် ပို့ကုန်ဆိပ်ကမ်းဖြစ်တဲ့ ခါ့ဂ်ကျွန်းပေါ်က စစ်ရေးပစ်မှတ်တွေကို “လုံးဝဖျက်ဆီးပစ်” လိုက်ပြီလို့ ပြောခဲ့ပါတယ်။
အဲဒီကျွန်းဟာ ဟော်မုဇ်ရေလက်ကြားရဲ့ အနောက်မြောက်ဘက် မိုင် ၃၀၀ လောက် အကွာမှာ တည်ရှိပါတယ်။
ဒါပေမဲ့ အီရန်က ပျက်စီးဆုံးရှုံးမှုပမာဏကို လျှော့ပြောခဲ့ပြီး ပိုအစွမ်းထက်တဲ့ လက်နက်တွေကို တိုးသုံးမယ်လို့ ခြိမ်းခြောက်နေသလို ယူအေအီးရဲ့ အစိတ်အပိုင်းတွေက တရားဝင်ပစ်မှတ်တခု ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။
Source: Reuters


