
အမေရိကန်ရဲ့ နောက်ဆုံး ဗုံးကြဲတိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံ ခါ့ဂ်ကျွန်းက စစ်ဘက်ပစ်မှတ်တွေ လုံးဝဖျက်ဆီးခံခဲ့ရတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ Truth လူမှုကွန်ရက်မှာ ပြောပါတယ်။
“ကျနော့်ရဲ့ ညွှန်ကြားချက်အရ အမေရိကန်ပြည်ထောင်စု ဗဟိုကွပ်ကဲရေးဌာနဟာ အရှေ့အလယ်ပိုင်း သမိုင်းမှာ အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုတခုကို ခဏလေးအတွင်းမှာပဲ လုပ်ဆောင်ခဲ့ပြီး အီရန်ရဲ့ ရတနာဖြစ်တဲ့ ခါ့ဂ်ကျွန်းက စစ်ဘက်ပစ်မှတ်တိုင်းကို လုံးဝဖျက်ဆီးခဲ့ပါတယ်”လို့ ထရမ့်ပ်က ပို့စ်မှာ ရေးခဲ့ပါတယ်။
ကျွန်းပေါ်က ရေနံအခြေခံအဆောက်အအုံတွေကို မဖျက်ဆီးဖို့ ရွေးချယ်ခဲ့တယ်လို့လည်း ထရမ့်ပ်က ထပ်ပြောပါတယ်။
ဒါပေမဲ့ အီရန် ဒါမှမဟုတ် တခြားဘယ်သူမဆို ဟော်မုဇ် ရေလက်ကြားကတဆင့် သင်္ဘောတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်ကို ဝင်စွက်ဖို့ ဘာပဲလုပ်လုပ် ဒီဆုံးဖြတ်ချက်ကို ချက်ချင်း ပြန်စဉ်းစားမယ်လို့လည်း ထရမ့်ပ်က သတိပေးလိုက်ပါတယ်။
အီရန်စစ်တပ်ရဲ့ ကာကွယ်ရေးစခန်းတွေ၊ စစ်စခန်းတခုနဲ့ ရဟတ်ယာဉ်ဂိုဒေါင်တခုကို ပစ်မှတ်ထားခံရပြီး မီးခိုးထူတွေ ထွက်နေပေမဲ့ ရေနံစက်ရုံတွေ မပျက်စီးဘူးလို့ အီရန်ရဲ့ Fars သတင်းဌာနနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒေသခံရင်းမြစ်တွေကတော့ ပေါက်ကွဲသံ ၁၅ ကြိမ်ကျော် ကြားခဲ့ရတယ်လို့ ပြောပါတယ်။
အီရန်သတင်းရင်းမြစ်တွေက ထရမ့်ပ်ရဲ့ စကားကို ငြင်းဆိုခဲ့ပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအပြီး တနာရီအကြာမှာ ကျွန်းပေါ်က လေကြောင်းကာကွယ်ရေးစနစ်ကို ပြန်စခဲ့တယ်လို့ ပြောပါတယ်။
စွမ်းအင်အခြေခံအဆောက်အအုံနဲ့ ဆိပ်ကမ်းတွေအပေါ် အသေးငယ်ဆုံးတိုက်ခိုက်မှုဟာ ကြေမွပျက်စီးစေတဲ့ တုံ့ပြန်မှုကို ဖြစ်ပေါ်စေလိမ့်မယ်လို့ အီရန်ရဲ့ ခါတမ်အယ်လ်အန်ဘီယာ ဗဟိုဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူက စနေနေ့မှာ သတိပေးခဲ့ပါတယ်။
ဒီလို ကျူးကျော်ခဲ့ရင် ဒေသတွင်းမှာရှိနေတဲ့ အမေရိကန်နဲ့ အနောက်တိုင်းမဟာမိတ်တွေရဲ့ ရှယ်ယာပါတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံအားလုံးကို မီးရှို့ဖျက်ဆီးပစ်မယ်လို့ သူက ခြိမ်းခြောက်ပါတယ်။
ပင်လယ်ကွေ့ထဲမှာရှိပြီး အီရန်ကမ်းရိုးတန်းကနေ ၂၄ ကီလိုမီတာ အကွာမှာရှိတဲ့ ခါ့ဂ်ကျွန်းဟာ အီရန်ရဲ့ ရေနံတင်ပို့မှု ၉၀ ရာခိုင်နှုန်း အတွက် ပို့ကုန်ဆိပ်ကမ်းအဖြစ် ဆောင်ရွက်ပါတယ်။
အီရန်အစိုးရက ဟော်မုဇ်ရေလက်ကြားမှာရှိတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေတာ မရပ်ရင် အီရန်ရဲ့ ခါ့ဂ်ကျွန်းဗဟိုချက်က ရေနံအခြေခံအဆောက်အအုံကို တိုက်ခိုက်မယ်ဆိုတဲ့ ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှု ဟာ သမိုင်းဝင်ထောက်ပံ့ရေး ပြတ်တောက်မှုကို ရင်ဆိုင်နေရတဲ့ ဈေးကွက်တွေကို ပိုလှုပ်ခတ်စေနိုင်တဲ့ သတိပေးချက် ဖြစ်လာပါတယ်။
ရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့မှာ တတိယအကြီးဆုံး ထုတ်လုပ်သူ အီရန်ဟာ ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၄ ဒသမ ၅ ရာခိုင်နှုန်းလောက်ကို တင်ပို့ပြီး တရက်ကို ရေနံစိမ်း စည်ပေါင်း ၃ဒသမ၃ သန်းလောက်နဲ့ ဓာတ်ငွေ့ရည် တရက်ကို စည်ပေါင်း ၁ ဒသမ ၃ သန်းလောက် ထုတ်လုပ်ပါတယ်။
ခါ့ဂ်ကျွန်းကတော့ အီရန်ရဲ့ အကြီးဆုံး ရေနံမြေတွေကနေ ပိုက်လိုင်းကတဆင့်လာတဲ့ ရေနံတွေကို စုဆောင်းပါတယ်။
အမေရိကန်-အစ္စရေး တိုက်ခိုက်မှုမတိုင်မီ ရက်တွေအတွင်း အီရန်ဟာ ခါ့ဂ်ကျွန်းကနေ တင်ပို့မှုတွေကို မှတ်တမ်းတင် အဆင့်နီးပါးအထိ မြှင့်တင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၂၀ ရက်အတွင်း တရက်ကို ရေနံစိမ်းစည်ပေါင်း ၃ သန်းကျော် တင်ပို့ခဲ့လို့ ၃ ဆနီးပါး မြင့်တက်လာခဲ့တယ်လို့ အမေရိကန်မှာရော ကမ္ဘာမှာပါ အကြီးဆုံးဘဏ် JP Morgan က ပြောပါတယ်။
Source: Reuters


