
အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာ လေဆိပ်အနီးရှိ ကမ်-အဲရ် ပုဂ္ဂလိကလေကြောင်းလိုင်းရဲ့ လောင်စာဆီ သိုလှောင်ရုံကို ပါကစ္စတန်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တာလီဘန်အစိုးရက မတ် ၁၃ ရက်မှာ ပြောကြားလိုက်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် စက်သုံးဆီတန်ချိန် ၁,၅၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ပါတယ်။
တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းဖို့ ကြိုးပမ်းနေပေမဲ့ ဒီတိုက်ခိုက်မှုကြောင့် ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် အိမ်နီးချင်း ၂ နိုင်ငံအကြားက နှစ်ပေါင်းများစွာကြာရှည်လာတဲ့ ပဋိပက္ခက အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။
အဲဒီသိုလှောင်ရုံဟာ ကမ်-အဲရ် လေယာဉ်တွေသာမက -အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂအကူအညီပေးရေးအဖွဲ့တွေကို စက်သုံးဆီ အဓိက ထောက်ပံ့ ပေးနေတဲ့နေရာဖြစ်တယ်လို့ ကန်ဒါဟာလေဆိပ် ဘဏ္ဍာရေးနဲ့ စီမံခန့်ခွဲရေးအကြီးအကဲ ကာရှေဖူလာရေယာ့ဇ်က ပြောပါတယ်။
ညလုံးပေါက် တိုက်ခိုက်မှုတွေကြောင့် ကဘူးလ်မြို့နဲ့ နန်ဂါဟာပြည်နယ်ရှိ လူနေရပ်ကွက် တွေကိုပါ ထိမှန်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၆ ယောက်သေဆုံးပြီး ၁၂ ယောက် ထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ တာလီဘန်အစိုးရက ပြောပါတယ်။
Source: Reuters


