
ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ စစ်သုံ့ပန်းအကျဉ်းစခန်း ဗုံးကြဲခံရမှု ဖြစ်စဉ်မှာ စစ်သုံ့ပန်း ဆရာဝန် ၂ ယောက် သေဆုံးခဲ့ပြီး တယောက် ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားသူတွေကတော့ ခွဲစိတ်ခန်းကျွမ်းကျင်သူနာပြု ဗိုလ်ကြီးဖြိုးသူရိန်အေးနဲ့ ဓာတ်မှန်ပါရဂူ ဗိုလ်ကြီးအောင်အောင်ဆက်တို့ဖြစ်ကြပြီး ဒဏ်ရာရသွားသူကတော့ အရိုး၊ အကြော၊ အဆစ် ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန် ဗိုလ်ကြီးဟန်ဝင်းဆွေတို့ ဖြစ်ကြပါတယ်။
သူတို့ဟာ စစ်ကောင်စီထံ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာဝန်တွေဖြစ်ကြပြီး အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကျခါနီးမှာ အာရက္ခတပ်တော် (AA) ထံ အလင်းဝင်ရောက်ပြီး လက်ရှိ AA ဆီမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ ဖြစ်တယ်လို့ အမ်းဒေသခံ မြေပြင် သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်သုံ့ပန်းသေတဲ့အထဲမှာ တကယ့်ပညာရှင်တွေ ပါသွားတာ ဆုံးရှုံးမှုကြီးတခုပါ။ စိတ်လည်း မကောင်းပါဘူး။ အဲဒီဆရာဝန်တွေက တကယ့်အားထားနေရတဲ့ ဆရာဝန်တွေပါ။”
အဲဒီလို ဒါးလက်ချောင်းဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒါးလက်ချောင်းဒေသက ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒါးလက်ချောင်းဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
“ကျမတို့ မနေရဲတော့ဘူး။ ဗုံးက တခါတည်း တလုံးတည်း ကြဲတာတောင် အရမ်းကြောက်တာ။ အခုလိုမျိုး လေယဉ် ၈ စီး လာတိုက်တော့ မကြုံဘူး၊ မကြားဖူးသေးဘူး။ ကလေးတွေဆို ကြောက်လို့ ထွက်ပြေးလို့ အတင်းဖမ်းထားရတယ်။”
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒါးလက်အလယ်ရွာ၊ နတ်မော်၊ ကွေ့ရှည်၊ အောက်ရွာ စတဲ့ ကျေးရွာနဲ့အနီးအနား ကျေးရွာတွေက ဒေသခံထောင်ချီပြီး ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
အမ်းမြို့နယ် ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းဟာ ပြီးခဲ့တဲ့ မတ် ၈ ရက် မနက် ၁၁ နာရီလောက်မှာ အကြမ်းဖက် စစ်ကောင်စီက ၃ နာရီကြာ လေတပ်ကနေ ဗုံးကြဲ တိုက်ခိုက်ခံ ခဲ့ရတာပါ။
လေကြောင်းတိုက်ခိုက်ခံရမှုအတွင်းမှာ စစ်သုံ့ပန်း ၁၁၆ ယောက် သေဆုံးခဲ့ပြီး ၃၂ ယောက် ဒဏ်ရာ ရရှိကာ အရပ်သား သုံ့ပန်းတချို့လည်း သေဆုံး ဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော် (AA) က မတ် ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။


