Home
မြန်မာသတင်း
စစ်သုံ့ပန်းများကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲသတ်ဖြတ်ခဲ့ခြင်းဖြစ် 
DVB
·
March 11, 2026
အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းအကျဉ်းစခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် သုံ့ပန်းအချို့။ (Photo: AA)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်း အကျဉ်းစခန်းကို စစ်ကောင်စီတပ်ဘက်က ၃ နာရီခွဲကြာ လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲချခဲ့လို့ စစ်သုံ့ပန်း ၁၁၆ ယောက် သေဆုံးပြီး ၃၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်တဲ့ ဒေသတွေရှိ စစ်သုံ့ပန်းထားတဲ့ နေရာတွေကို စစ်တပ်က ပြီးခဲ့တဲ့ တနှစ်ကျော်အတွင်းမှာ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မတ် ၈ ရက်ကလည်း စစ်ကောင်စီတပ်ဟာ ဂျက်တိုက်လေယာဉ် ၄ စင်း၊ Y-12 ၄ စင်းတို့နဲ့ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်း အကျဉ်းစခန်းကို သုံးနာရီခွဲလောက်ကြာအောင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု မရပ်မနား ပြုလုပ်ခဲ့တယ်လို့ AA က မတ် ၁၁ ရက်မှာ ထုတ်ပြန် ပြောဆိုပါတယ်။

လက်ရှိ ရရှိထားတဲ့ စာရင်းတွေအရ အဲဒီဗုံးကြဲမှုကြောင့် စစ်သုံ့ပန်း ၁၁၆ ယောက် သေဆုံးပြီး ၃၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဒီလေကြောင်းဗုံးကြဲခံရမှုမှာ ပြင်းထန်၊ အလတ်စား၊ အသေးစား ဒဏ်ရာရရှိသူတွေ အများကြီးရှိနေသေးပြီး အရပ်သားတွေထဲက ပြစ်ဒဏ်ကျခံရသူတချို့လည်း ထိခိုက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ ခုလိုလုပ်ရပ်ဟာ ရည်ရွယ်ချက်ရှိရှိ တမင်ဖျက်ဆီးတာဖြစ်ပြီး စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းအရ ရန်သူ့အဖမ်းခံပြီး ပြန်လွတ်လာခဲ့ရင်တောင်မှ ဖမ်းဆီးတာ၊ ထောင်ချတာတွေပါ လုပ်လေ့ရှိတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူ၊ လေတပ် CDM ဝန်ထမ်း တယောက်ဖြစ်တဲ့ ကိုဇေယျက သုံးသပ် ပြောဆိုပါတယ်။

“ရည်ရွယ်ချက်ရှိရှိ တမင်လုပ်တယ်လို့တော့ မြင်ပါတယ်။ ဒါက ရှေ့လျှောက် ICJ ပြဿနာတွေ ပိုများလာတဲ့အချိန်မှာ ဒီလူတွေက သူ့အတွက် ပိုပြီး အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။ နောက်တခုကတော့ သတင်းမှားကို လက်ခံရရှိပြီး ဗုံးကြဲခဲ့တာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ တကြိမ် ၂ ကြိမ်လောက်ဆိုရင် ဒါ မှားတယ်ဆိုတာ လက်ခံလို့ရပါသေးတယ်။ ဒါက တော်တော့်ကို ဆိုးရွားတဲ့လုပ်ရပ်ပါ။ နောက် ဒီစခန်းမှာဆိုရင် ကျနော်သိသလောက် ဗိုလ်မှူးကြီးတွေ၊ ဒုဗိုလ်မှူးကြီး ဆိုတဲ့ level တွေပါ ရှိတယ်။ ဒီလို Level တွေဆို သူတို့အတွက်က ပိုပြီး ထိခိုက်နိုင်ခြေရှိပါတယ်။ ဒါကြောင့်မို့လို့ ရည်ရွယ်ချက်ရှိရှိ တမင်ဖျက်ဆီးတာလို့ မြင်ပါတယ်။ နောက်တခုက စစ်တပ်ရဲ့ အကျင့်မှာက ရန်သူအဖမ်းခံရတဲ့လူကို ဘယ်တော့မှ မယုံတော့ဘူး။ ပြန်လာနိုင်ရင်တောင်မှ စစ်ကြောရေးတွေ လုပ်တယ်၊ တချို့ဆို ထောင်ချတာတွေရှိတယ်၊ တချို့ဆို ထုတ်ပယ်လိုက်တာမျိုး ရှိတယ်။ ဒါက သူတို့အတွက် အသုံးမဝင်တဲ့လူတွေကို ရှင်းတဲ့ပုံစံမျိုးပါ။”

စစ်တပ်ရဲ့ ခု လေကြောင်းတိုက်ခိုက်မှုဟာ ရခိုင်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေထဲ စစ်သုံ့ပန်းတွေ အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးတွေလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း စစ်သုံ့ပန်းအလောင်းတချို့ဟာ ဘယ်သူဘယ်ဝါမှန်း မသိဘဲ စစ်ဆေးရ ခက်နေတာ၊ ခန္ဓာကိုယ်အစအန ဘာတခုမှ မရရှိဘဲ ပျောက်ဆုံးအလောင်းတွေ ရှိနေသေးတာကြောင့် အသေးစိတ် အချက်အလက်တွေကို စစ်ဆေးပြီးမှပဲ ဆက်လက်တင်ပြပေးသွားမယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်သုံ့ပန်း ဗုံးကြဲခံရတာနဲ့ပတ်သက်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ AA ရဲ့ သတင်းဖုံးကွယ်နိုင်မှု၊ လှည့်စားမှုတွေကြောင့် AA ရဲ့ ခြေကုပ်စခန်းအမှတ်နဲ့ ဗုံးလာကြဲတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုပါတယ်။

“စစ်သုံ့ပန်းစခန်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ် ဆိုတာထက် သတင်းတွေကို စုံစမ်းတဲ့ နေရာမှာ အရင်တုန်းက အာရက္ခတပ်တော် အခြေချခဲ့တဲ့ စခန်းဟောင်းနေရာတွေကို လိုက်ပြီး‌တော့ သူတို့က ထောက်လှမ်းရရှိတယ်။ ဒါပေမဲ့ အဲဒီစခန်းဟောင်းနေရာတွေမှာ စစ်အကျဉ်းထောင်တွေ လုပ်ထားပြီး ထိန်းသိမ်းထားတဲ့ နေရာမျိုးတွေ ဖြစ်နေပြီးတော့ အာရက္ခတပ်ရဲ့ ခြေကုပ်စခန်းတွေက နေရာသွားပြီး ရွှေ့ထားတာကို တွေ့ရတယ်။ အဲတော့ ဒီစစ်သုံ့ပန်းတွေကိုချည်း တိုက်တာမဟုတ်ဘူး၊ ဒါပေမဲ့ တိုက်တဲ့အရာမှန်သမျှဟာ အာရက္ခတပ်တော်ရဲ့ သတင်းဖုံးကွယ်မှု၊ သတင်းလှည့်စားမှု၊ ပြီးရင် ထောက်လှမ်းရေးလှည့်စားနိုင်မှု စတဲ့ အနေအထားမျိုးတွေ လုပ်နေတာကို တွေ့ရတယ်။ ပြီးရင် တချက်စဉ်းစားလို့ရတာက တကယ်ပဲ စစ်သုံ့ပန်းတွေချည်း လိုက်တိုက်တာ ဆိုရင်တော့ သူတို့ စစ်ရှုံးတရားခံသက်သေတွေကို ရည်ရွယ်ချက်ရှိရှိ လက်စတုံးတဲ့ အနေအထားမျိုးလို့လည်း သုံးသပ်ရပါတယ်။”

ဒီ စစ်သုံ့ပန်း ဗုံးကြဲခံရမှုဟာ ရခိုင်မှာ စစ်သုံ့ပန်း ဗုံးကြဲခံရမှု ၅ ကြိမ်မြောက် ရှိလာနေပြီး အစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးမှု ဦး‌ရေဟာ ၃၀၀ ကျော်အထိ မြင့်တက်လာနေပြီလည်း ဖြစ်ပါတယ်။

စစ်သုံ့ပန်း ဗုံးကြဲခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်း ကတော့ စစ်တပ်က သူတို့လူကို ကိုယ်တိုင်ရှင်းပြီး လူမဆန်တဲ့လုပ်ရပ်ကို ကျူးလွန်နေတာပါလို့ မှတ်ချက်ပြုပါတယ်။

“စစ်သုံ့ပန်းတွေကို ထားတဲ့ အကျဥ်းထောင် ဆိုတာကို သူတို့ သိပါတယ်။ ကိုယ့်လူကို ကိုယ် ရှင်းလိုက်တဲ့သဘောပါ။ လက်နက်ချ အဖမ်းခံတယ်၊ အလင်းဝင်တယ်ဆိုရင် သစ္စာဖောက်လို့ သတ်မှတ်ပြီး နောက်လူတွေ မလုပ်ရဲအောင် နမူနာပြ လုပ်တာပါ။ ကိုယ့်ရန်သူကတောင် စစ်သုံ့ပန်းဥပဒေနဲ့အညီ စောင့်ရှောက်ထားတာကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာက ရက်စက်တဲ့ စစ်ရာဇဝတ်ကောင်တွေရဲ့ ထပ်ကာတလဲလဲ ကျူးလွန်နေတဲ့ လူမဆန်တဲ့လုပ်ရပ် ဖြစ်ပါတယ်။”

စစ်တပ်ကတော့ AA ထိန်းချုပ်ဒေသရှိ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ အပါအဝင် လူနေအိမ်နဲ့ ဘာသာရေး အဆောက်အအုံတွေကို ဗုံးကြဲတဲ့အပြင် စစ်သုံ့ပန်းတွေ နေထိုင်တဲ့ နေရာတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲမှုတွေ ရှိလာပြီး အစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးမှုတွေလည်း ပိုများလာနေပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန်အန္တရာယ်ကို အမြဲသတိထားပြီး စစ်ရေးသတိရှိစွာ နေထိုင်ကြဖို့ AA ဘက်ကလည်း တိုက်တွန်းပြောဆိုထားပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013