Home
မြန်မာသတင်း
အမ်းမြို့နယ်က စစ်သုံ့ပန်းအကျဉ်းစခန်း ဗုံးကြဲခံရပြီး ၁၂၀ နီးပါးသေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ
DVB
·
March 11, 2026
အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းအကျဉ်းစခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် သုံ့ပန်းအချို့။ (Photo: AA)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းတခုကို စစ်ကောင်စီက မတ် ၈ ရက်မှာ လေကြောင်းကနေ ၃ နာရီခွဲခန့်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းနဲ့ အရပ်သား အကျဉ်းသား ၁၁၆ ယောက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က မတ် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါးလက်ချောင်းဒေသထဲမှာရှိတဲ့ အကျဉ်းစခန်းကို စစ်ကောင်စီက မတ် ၈ ရက် မနက် ၁၁ နာရီကနေ မွန်းတည့် ၂ နာရီခွဲအထိ ဂျက်ဖိုက်တာ ၄ စီး၊ Y-12 ၄ စီးနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းတွေနဲ့ အရပ်သား အကျဉ်းသားအဖြစ် ထိန်းသိမ်းခံထားရသူ ၁၁၆ ယောက် သေဆုံးကာ ၃၂ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ‌ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ အခု လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်းမှာ စစ်သုံ့ပန်း အသေအပျောက် အများဆုံးဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ဘက်အရာရှိကြီး များစွာလည်း ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အခု လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားတဲ့ စစ်သုံ့ပန်းအလောင်းတချို့မှာ ဘယ်သူဘယ်ဝါ မှန်းဆဖို့ ခက်ခဲတာ၊ ခန္ဓာကိုယ် အစတွေ မရရှိအောင် ပျောက်ဆုံးနေတဲ့ အလောင်းတွေလည်း ရှိနေသေးတာကြောင့် အသေးစိတ်အချက်အလက်တွေကို စစ်ဆေးပြီး ထပ်မံတင်ပြသွားမယ်လို့လည်း AA က ပြောပါတယ်။

အမ်းမြို့သိမ်းတိုက်ပွဲမှာ နပခစစ်ဌာနချုပ်က လက်နက်ချ အညံ့ခံထားကြတဲ့ ဒုတိုင်းမှူး အပါအဝင် ဗိုလ်မှူးချုပ်အဆင့် အရာရှိတချို့နဲ့ စစ်သုံ့ပန်း အများအပြားဟာ အာရက္ခတပ်တော်ထံ လက်နက်ချ အညံ့ခံခဲ့ကြတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်သတ်ဖြတ်မှုတွေ ပြုလုပ်လာတာဟာ သူတို့ရဲ့ ရဲဘော်ရဲဘက်စိတ် မရှိတော့ဘူး ဆိုတာကို ထင်ထင်ရှားရှား ပြသလိုက်တာလို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူ အမျိုးသားတယောက်က ပြောပါတယ်။

“အမ်းမှာ စစ်သုံ့ပန်း အကျဉ်းစခန်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားတဲ့ စစ်သုံ့ပန်းတွေရဲ့ အလောင်းတွေကို မြင်ရတာ တော်တော်လေးကို စိတ်မချမ်းမြေ့စရာပဲ။ စစ်ကောင်စီက သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာ ဒီတကြိမ်နဲ့ဆို ၅ ကြိမ်အထိ ရှိလာပြီ။ အခုတိုက်ခိုက်ခံရမှုဟာ လူ ၁၀၀ ကျော် သေဆုံးမှုဟာ အတော်လေးကို လူမဆန်တဲ့လုပ်ရပ် ဖြစ်တယ်။ စစ်ကောင်စီမှာ ရဲဖော်ရဲဘက်စိတ်ဆိုတာ မရှိတော့ဘူး။ ဒါကို အောက်ခြေစစ်သားတွေ သဘောပေါက် နားလည်ဖို့ အရေးကြီးတယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်းကလည်း ကျောက်တော်မြို့နယ်ရှိ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေထားတဲ့ အကျဉ်းစခန်းတခုကို လေကြောင်းကနေ ဗုံးကြဲမှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၂၁ ယောက် သေဆုံးပြီး အယောက် ၃၀ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း ပေါက်တောမြို့နယ်၊ မောင်တောမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ရှိ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေ ထားရှိတဲ့ အကျဉ်းစခန်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ ၈၀ ကျော်ရှိခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ AA ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရခိုင်တိုက်ပွဲမှာ စစ်ကောင်စီအတွက် တိုက်ခိုက်ပေးရင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသူ အကျဉ်းသား ထောင်နဲ့ချီ ရှိတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013