
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ် ရိုးတောင်ကျော်လမ်းရှိ ကပစ ၁၄ နဲ့ ဆုန်ကုန်းအမြောက်ကြီးတပ်ရဲ့ အဓိကဗျူဟာကုန်းတခုဖြစ်တဲ့ နတ်ရေကန်တောင် လေကြောင်း ရန်ကာကွယ်ရေး နောက်ဆုံးလက်ကျန် ပင်မကုန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်း တော်လှန်ရေးတပ်တွေက စတင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
ဗျူဟာကုန်းရဲ့ အဓိက ကာကင်းစခန်းတွေဟာ အခု မတ်လ ပထမပတ်အတွင်း အာရက္ခ တပ်တော်နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေဆီမှာ ကျဆုံးသွားပြီလို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ကာကင်းစခန်းတွေကတော့ အကုန်ကျသွားပြီ။ တပ်ဖွဲ့ဝင်တွေ အကုန်လုံးကလည်း ဗျူဟာမှူး နေတဲ့ ပင်မကုန်းကို ရောက်သွားပြီ။ အခု အဲဒီပင်မကုန်းကို လက်နက်ကြီး၊ ဒရုန်းနဲ့ စတင် တိုက်ခိုက်နေတယ်။”
နတ်ရေကန်တောင်ကြောပတ်လည်က ကာကင်းတွေကို တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား တွေက ချန်ထားခဲ့ပြီး ဗျူဟာမှူး အထိုင်နေတဲ့ ပင်မကုန်းကို အကုန်နောက်ဆုတ်သွားကာ အဲဒီ ပင်မကုန်းကို တော်လှန်ရေးဘက်က လက်နက်ကြီးတွေနဲ့ပါ မတ် ၉ ရက်က စတင်ပြီး တိုက်ခိုက် နေတယ်လို့ သူက ဆိုပါတယ်။
အဆိုပါ နတ်ရေကန်တောင် လေကြောင်းရန်စခန်းဟာ စစ်ရေးပိတ်ဆို့ခံနေရပြီး စစ်ကောင်စီ လေကြောင်းက နေ့ရောညပါ လာရောက်ပစ်ကူပေးနေရပြီး ဆုန်ကုန်းအမြောက်ကြီးတပ်က တဆင့် ပဇီလမ်းနဲ့ ဂုတ်ကြီးလမ်းကနေ အင်အား ၆၀၀ ခန့်ကို ထပ်မံပို့ဆောင်လိုက်တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ဆုန်ကုန်းအမြောက်တပ်ကို ၉ ရက်နေ့ ညဉ့်က ရောက်တယ်။ ၁၀ ရက်နေ့ မနက်ပိုင်းကျတော့ တောင်ပေါ်ကို ဇင်ပြွန်းကတဆင့် လမ်းဟောင်း၊ လမ်းသစ် အသုံးပြုပြီး လူစုခွဲ စစ်ကြောင်း ထိုးတယ်။”
လက်ရှိ နတ်ရေကန်တောင်မှာ မြေပြင်စစ်ကြောင်းတွေဟာ လမ်းဟောင်း ပဇီနဲ့ လမ်းသစ် ဂုတ်ကြီးကျေးရွာ အနီးနားမှာ ရှိနေပြီး AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို ခံနေရတယ်လို့ သူကဆိုပါတယ်။


