
ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ နယ်လှည့် စတားလင့်ဝန်ဆောင်မှု ပေးတာတွေ တွင်တွင်ကျယ်ကျယ် ရှိလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့က ကျေးရွာတွေမှာ နယ်လှည့်ပြီး စတားလင့် အင်တာနက်ဝန်ဆောင်မှု ပေးတာတွေ တွင်တွင်ကျယ်ကျယ် ဖြစ်လာနေကာ အစိုးရ သတ်မှတ်ဈေးထက် ၅ ဆနီးပါး မြင့်တက်နေတယ်လို့ ကျောက်တော်မြို့နယ်က အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“နယ်တွေဘက်မှာ နယ်လှည့်ပြီး စတားလင့် အင်တာနက်ဝန်ဆောင်မှု ပေးတာတွေ တွင်ကျယ်လာတာရှိတယ်။ မီနီစတားလင့်စက် ရှိတဲ့ စီးပွားရေးသမားတွေက ရပ်ရွာတွေကို လှည့်လည်ပြီးတော့ အင်တာနက်ဝန်ဆောင်မှု ပေးတာပေါ့။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အချိန်ပိုင်း ခွင့်ပြုချက်ပေးပြီး အင်တာနက် သုံးစွဲခွင့်ရကြတာ။ ဈေးကတော့ အစိုးရ သတ်မှတ်ဈေးထက် ၅ ဆလောက်ကွာတယ်။ တနာရီ ၁၀,၀၀၀ ကျပ် ပေးရတယ်။ နယ်လှည့်ပြီး အင်တာနက်ဝန်ဆောင်မှု ပေးတာတွေက ကောင်းမွန်ပေမဲ့ ဈေးနှုန်းကတော့ အတော်လေးကို များတယ်လို့ ပြောရမယ်။”
ရခိုင်ပြည်နယ်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အာရက္ခတပ်တော်ရဲ့ နည်းပညာဌာနက အများသုံး အင်တာနက်ဝန်ဆောင်မှုအဖြစ် တနာရီကို ၂,၀၀၀ ကျပ်နဲ့ သတ်မှတ်ပြီး အင်တာနက်ဝန်ဆောင်မှု ပေးနေတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်က ကျေးရွာတချို့မှာ နယ်လှည့်ပြီး ဝန်ဆောင်မှုပေးနေတဲ့ အင်တာနက်ဝန်ဆောင်မှုမှာ အစိုးရသတ်မှတ်ဈေးထက် ၅ ဆအထိ မြင့်တက်နေတာကြောင့် အာဏာပိုင်တွေဘက်က ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ ဒေသခံတွေအကြား ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ကျေးလက်ဒေသတွေအထိ နယ်လှည့် စတားလင့် အင်တာနက်ဝန်ဆောင်မှုတွေ ရှိလာတာ သုံးစွဲသူတွေအတွက် ကောင်းမွန်ပေမဲ့လည်း လေကြောင်းအန္တရာယ်ရှိနေတဲ့ ရခိုင်ဒေသအတွက် အထိန်းအကွပ်တခုတော့ လိုအပ်တယ်လို့ နောက်ထပ် ပုဏ္ဏားကျွန်းမြို့နယ်က အမျိုးသားတယောက်က ပြောပါတယ်။
“ကျနော်တို့ ရွာဘက်တွေမှာလည်း အချိန်ပိုင်း စတားလင့်တွေ မကြာမကြာ လာဖွင့်ကြတာရှိတယ်။ နည်းပညာဌာနကတော့ မဟုတ်ဘူး။ စတားလင့်စက်တွေရှိတဲ့ စီးပွားရေးသမားတွေက လုပ်ကြတာ။ အင်တာနက် သုံးစွဲခွင့်ရတာ ပြည်သူတွေအတွက် ကောင်းမွန်တာပေါ့။ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတဲ့ မိသားစုတွေနဲ့ ဆက်သွယ်ကြရတာ ပိုပြီး လွယ်ကူလာတယ်။ တဖက်မှာလည်း လေကြောင်းအန္တရာယ်အတွက် ပိုပြီး သတိထားစရာတွေလည်း ရှိတယ်။ စစ်ကောင်စီအတွက် အချက်အလက်တွေ၊ သတင်းပေးတာတွေ ပိုမိုရရှိလာနိုင်တာကြောင့် အစိုးရအနေနဲ့ အထိန်းအကွပ်တခုတော့ ရှိဖို့လိုအပ်တယ်။”
အာရက္ခတပ်တော်ရဲ့ နည်းပညာဌာနက စတားလင့်စက်တွေကို အခွန်ဆောင်ပြီး ငှားရမ်းတာမျိုးတွေ လုပ်နေပေမဲ့ အခုလို နယ်လှည့်ပြီး အင်တာနက်ဝန်ဆောင်မှု ပေးခွင့်ကို ခွင့်ပြုထားလား ဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ တိတိကျကျ သိထားကြတာမျိုး မရှိပါဘူး။
ရခိုင်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီက ရခိုင်က မြို့ ရွာတွေကို ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားခဲ့တာဖြစ်ပြီး စစ်ကောင်စီထိန်းချုပ် မြို့နယ်တချို့မှာတော့ ရွေးကောက်ပွဲကာလမှာ ဖုန်းလိုင်းတချို့ကို စစ်ကောင်စီက ပြန်လည်ဖွင့်ပေးခဲ့တာတွေ ရှိပါတယ်။


