Home
မြန်မာသတင်း
AA လက်နက်ကြီးကြောင့် ကျောက်ဖြူရေတပ်က ၁၀ ဦးကျော် သေဆုံး၊ စစ်သင်္ဘောများ ထိခိုက်
DVB
·
March 7, 2026

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ဓညဝတီရေတပ်ဌာနချုပ်ကို AA က လက်နက်ကြီးနဲ့တိုက်ခိုက်လို့ ဗိုလ်အဆင့်ရှိသူတွေ သေဆုံးပြီး ကမ်းနားမှာရပ်ထားတဲ့ တိုက်ခိုက်ရေး နေဗီသင်္ဘောတွေပါ ထိခိုက်ပျက်စီးတယ်လို့ ဒေသခံ စစ်ရေးနီးစပ်သူတွေဆီက သိရပါတယ်။

မတ် ၅ ရက် ညနေပိုင်းက သစ်ပုတ်တောင်မှာရှိတဲ့ ဓညဝတီရေတပ်ဌာနချုပ်နဲ့ ကမ်းနားမှာ ရပ်နားထားတဲ့ တိုက်ခိုက်ရေးနေဗီတွေကို AA က လက်နက်ကြီးနဲ့ တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒေသခံတယောက်က “မနေ့ညက ရေတပ်ဌာနချုပ်နဲ့အနားကရပ်ထားတဲ့ နေဗီတွေကိုပါ လက်နက်ကြီးပစ်ပြီး တိုက်ခိုက်တာပါ။ ဗိုလ်အဆင့်ရှိသူတွေ သေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

AA ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရေတပ်ဌာနချုပ်ထဲကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူအပါအဝင် ၁၀ ယောက်ကျော် သေဆုံးသလို ဌာနချုပ်ဖောင်တော်ဆိပ်ကမ်းမှာရပ်နားထားတဲ့ တိုက်ခိုက်ရေးနေဗီတွေပါ ထိခိုက်ပျက်စီးတယ်လို့ သူက ပြောပါတယ်။

ဒေသခံနောက်တယောက်က “ဒဏ်ရာရတဲ့  တပ်ဖွဲ့ဝင်အချို့ကိုတော့ သစ်ပုတ်တောင်ကနေ ခလရ ၃၄၊ ကျောက်ဖြူဆေးရုံကို လာပို့တာတွေ့ရတယ်” လို့ ပြောပါတယ်။

ကျောက်ဖြူတွင် စစ်ကောင်စီစစ်ကြောင်း၊ ကာကင်းတပ်စခန်းနဲ့ ရေတပ်ဌာနချုပ်တို့ကို AA က အရင်ကထက်ပို တိုက်ခိုက်လာပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာများနေသလို ကျောက်ဖြူမှာရှိတဲ့ တရုတ်ရဲ့ သဘာဝဓာတ်ငွေ့သုံး မီးစက်တွေကိုလည်း ပြည်မဘက်ကို ပြောင်းရွှေ့နေပြီဖြစ်ပါတယ်။

သံတွဲမြို့နယ်ရှိ ရေတပ်စခန်းကို AA သိမ်းပိုက်ခဲ့စဉ်။ (Photo - AA)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013